News

POST TYPE

NEWS

သုံးလအတွင်း စက်သုံးဆီဈေး အမြင့်ဆုံးရောက်
18-Mar-2019

ရန်ကုန်၊ မတ် ၁၈

ဆက်တိုက်ပြန်မြင့်လာသော စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ တတိယပတ်အတွင်းမှ ယခုနှစ် မတ်လ တတိယပတ်အတွင်းအထိ သုံးလအတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ရေနံစိမ်းမြင့်တက်ခြင်းနှင့်အတူ ပြည်ပစက်သုံးဆီဈေးများ မြင့်တက်ခြင်းကြောင့် ဖေဖော်ဝါရီ တတိယပတ်အတွင်းမှစတင်၍ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာရာမှ သုံးလအတွင်းအမြင့်ဆုံးဈေးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးသည် ယခုနှစ်ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းကထက် ဒီဇယ်တစ်လီတာလျှင် ၈၀ ကျပ်နှင့် အောက်တိန်းတစ်လီတာလျှင် ကျပ် ၈၀ မှ ၉၅ ကျပ်အထိမြင့်တက်ပြီး ပြည်ပဈေးမှာ ယင်းကာလအတွင်း ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆ ဒေါ်လာနှင့် အောက်တိန်းတစ်စည်လျှင် ၁၂ ဒေါ်လာအထိ မြင့်တက်လာကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

သို့သော်ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ပြည်ပစက်သုံးဆီဈေးများထက် ယခုဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၀ မှ ၁၃ ဒေါ်လာကျော်အထိ မြင့်တက်လျက်ရှိသည်။

စက်သုံဆီဈေးသည် ပြည်ပမြင့်တက်ခြင်းအပြင် အမေရိကန်ဒေါ်လာဈေးနှုန်းပါ အတက်ဘက်သို့ ရောက်ရှိနေခြင်းကြောင့် မြင့်တက်လာခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

လက်ရှိစက်သုံးဆီဈေးကွက်အတွင်း ပြည်တွင်းဈေးသည် ဒီဇယ်တစ်လီတာလျှင် ၉၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၉၇၅ ကျပ်၊ အောက်တိန်းတစ်လီတာလျှင် ၇၈၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၈၇၀ ကျပ်ဈေးရှိပြီး ပြည်ပဈေးသည် ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ကျော်၊ အဆင့်မြင့်ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၁ ကျော်၊ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၃ ကျော်နှင့် အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ ကျော်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04