News

POST TYPE

NEWS

မကွေးတိုင်းအတွင်း သိမ်းဆည်းမြေများကို ပြန်ပေး
18-Mar-2019

မကွေး၊ မတ် ၁၇

မကွေးတိုင်းဒေသကြီး မကွေး၊ ပခုက္ကူနှင့် သရက်ခရိုင်တို့မှ သိမ်းဆည်းမြေများအနက် တပ်ရင်း၊ တပ်ဖွဲ့များက ပြန်အပ်သည့်မြေ ၈၇၇ဒသမ ၄၉ ဧက အနက် လယ်မြေ ၃၀၈ဒသမဝ၇ဧက၊ ဦးပိုင် ၁၂၉ခု တို့ကို တောင်သူ ၁၀၈ ဦးထံ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။

အခြားမြေ ၅၆၉ ဒသမ ၄၂ ဧကကို အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေဧရိယာအဖြစ်ပြန်အပ်မည်ဖြစ်ကြောင်း၊ သိမ်းဆည်းမြေများ တောင်သူများထံ ပြန်လုပ်ကိုင်ခွင့်ပေးခြင်းအခမ်းအနားကို မတ်လ ၁၆ ရက်က မကွေးမြို့တွင်ကျင်းပရာ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လည်းတက်ရောက်ခဲ့ကြသည်။

“ပြန်လည် စွန့်လွှတ်မြေများထဲမှာ ပါဝင်တဲ့ လယ်ယာမြေတွေကို မူလ တောင်သူတွေဆီကို ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၃) ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး၊ သားစဉ်မြေးဆက် အာမခံချက်ရရှိဖို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) တွေ ဆက်လက်ပေးအပ်ဖို့ဆောင်ရွက်သွားပါမယ်”ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

မကွေးတိုင်းအတွင်း၌ သိမ်းဆည်း မြေဧကပေါင်း ၄ ဒသမ ၅ သိန်းဧကခန့် ရှိသော်လည်း လက်ရှိအစိုးရတက်လာသည့်နောက်ပိုင်း ပြန်လည်စွန့်လွှတ်ပေးသည့် ၂ ကြိမ်တွင် ဧကတစ်သောင်းဝန်းကျင်ခန့်သာရှိကြောင်း တိုင်းလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောသည်။

“ပခုက္ကူ အမှတ် (၅) ချည်မျှင်နဲ့ အထည်စက်ရုံက ပြန်လည်ပေးအပ်ရမှာ ဧက ၃၀၀ ရှိတယ်။ ဒီပွဲမှာ ပြန်လည်ပေးအပ်တာ ဧက (၃၀) ပဲ ရှိတယ်။ မရေရာတဲ့ အနာဂတ်စီမံကိန်းတွေအကြောင်းပြပြီး မစွန့်လွှတ်ဘဲနေပါတယ်။ ဒါကို ထပ်ဆွေးနွေးမယ်။ အဆင်မပြေရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို တင်ပြသွားမှာပါ”ဟု ၎င်းက ပြောသည်။

လယ်ယာမြေပြဿနာများ အမြန်ဆုံးပြီးပြတ်ရေး၊ စွန့်လွှတ်မြေများကို အမှန်တကယ် သက်ဆိုင်သူများ၏ လက်ဝယ်သို့ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ 

R-23