News

POST TYPE

NEWS

ရသေ့တောင်တွင် ဝက်ဝံကိုက်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
18-Mar-2019

စစ်တွေ၊ မတ် ၁၇

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာ၌ မတ်လ ၁၆ ရက်နေ့က ဝက်ဝံ အကိုက်ခံရ၍ အသက် ၂၀ ကျော်အရွယ်တစ်ဦး သေဆုံးသွားကာ အသက် ၃၀ ကျော်အရွယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးရွာသို့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ဝက်ဝံတစ်ကောင် ရောက်လာခဲ့ရာ ကျေးရွာသားများ စုပေါင်း၍ မောင်းထုတ်စဉ် တောစပ်အနီးသို့ အရောက်တွင် ဝက်ဝံကပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့တိုက်ခိုက်စဉ် အသက် ၂၀ အရွယ်ရှိ ကိုဖြူသီး လည်ပင်းအကိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

“ရွာထဲက လိုက်သွားကြတာ သူ့ အဖေလည်းပါတယ်။ လူအင်အားတော့ နည်းတယ်။ သူ(ကိုဖြူသီး) နဲ့ မျက်နှာချင်း ဆိုင်မိတဲ့အခါ အခြားသူတွေလည်း သူ့ကို လိုက်ဆွဲလို့မရလိုက်ဘူး။ ဝက်ဝံက နွားတစ်ကောင်လောက်ရှိတယ်”ဟု ထီးစွဲကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သန်းဌေးက ဖြစ်စဉ်ကို ရှင်းပြသည်။

အဆိုပါ ဝက်ဝံသည် ယင်းနေ့ညနေ ၅ နာရီခန့်အချိန်တွင် ထီးစွဲကျေးရွာသို့ ပြန်လည်ရောက်ရှိလာ၍ ကျေးရွာသား ၁၀၀ ခန့် စုပေါင်းကာ မယူမြစ်ဘက်သို့ မောင်းထုတ်ခဲ့ရာ အသက် ၃၀ အရွယ် ဦးခင်ဇော်ထွန်း ဝက်ဝံကိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသည်ဟု ၎င်းက ပြောဆိုသည်။

ယင်းဝက်ဝံသည် ဦးခင်ဇော်ထွန်းကို ကိုက်ခဲ့ပြီးနောက် မယူမြစ်ထဲသို့ ဆင်းသွားရာ ကျေးရွာသားများက စက်လှေဖြင့် လိုက်လံသတ်ပုတ်ခဲ့ရာ ဝက်ဝံသေဆုံး သွားခဲ့ပြီး ရေထဲနစ်မြုပ်သွားသောကြောင့် အကောင်သေကို ယခုအချိန်ထိမတွေ့ရသေးကြောင်း ကျေးရွာသားများထံမှ သိရသည်။

ထီးစွဲကျေးရွာသို့ လွန်ခဲ့သည့် ၁၀ နှစ်ကျော်အချိန်ကလည်း ယခုကဲ့သို့ ဝက်ဝံရောက်ရှိလာခဲ့ဖူးသော်လည်း ကျေးရွာ၌ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း အုပ်ချုပ်ရေးမှူးဟောင်းက ထပ်လောင်းပြောကြားသည်။ 

R-22