News

POST TYPE

NEWS

လွတ်ငြိမ်းချမ်းသာခွင့် လက်ခံမလား၊ အရာရာဆုံးရှုံးခံမလားဟု ဗင်နီဇွဲလားစစ်တပ်ကို ထရမ့် သတိပေး
20-Feb-2019


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉

ဗင်နီဇွဲလားယာယီသမ္မတ ဂျူအန်း ဂွါအီဒိုကို ထောက်ခံကြရန် ဗင်နီဇွဲလားစစ်ဖက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဗင်နီဇွဲလားတွင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် ကြိုးစားနေသော်လည်း နည်းလမ်းအားလုံးကို စဉ်းစားနေဆဲဖြစ်သည်ဟု ထရမ့်က သတိပေးသည်။

ဖလော်ရီဒါ တက္ကသိုလ်တွင် မိန့်ခွန်းချွေသောထရမ့်က “လက်တင်အမေရိကမှာ နေ့သစ်ထွက်ပေါ်လာပြီ” ဟု ပြောကြားသည်။ 

မိုင်ယာမီတွင် ဗင်နီဇွဲလားအသိုင်းအဝိုင်း ကြီးထွားလာလျက်ရှိပြီး အခြေချနေထိုင်သူ ၁၀၀,၀၀၀ ခန့် ရှိနေသည်။

မိုင်ယာမီသည် ယခင်ကလည်း ပြည်ပရောက် ကျုးဘားလူမျိုးများအတွက် သမိုင်းဝင် အခြေစိုက်နေရာ ဖြစ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဂွါအီဒိုနှင့် အာဏာရှင်သမ္မတမာဒူရိုတို့အကြား အာဏာလွန်ဆွဲပွဲ အထွဋ်အထိပ်သို့ ရောက်နေချိန်တွင် သမ္မတထရမ့်၏ မိန့်ခွန်းထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အတိုက်အခံခေါင်းဆောင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် လူသားချင်း စာနာကူညီမှုအထောက်အပံ့များ နယ်စပ်မှတဆင့် သွင်းယူရေးကို တွန်းအားပေးနေသည်။ 

မာဒူရိုကကယ်ဆယ်ရေးမစ်ရှင်များကို မောင်းထုတ်ရန်နှင့် နယ်စပ်ကို ပိတ်ထားရန် စစ်တပ်ကို ညွှန်ကြားထားသည်။

သမ္မတထရမ့်က ဗင်နီဇွဲလား စစ်ဖက်အား ဂွါအီဒို၏ လွတ်ငြိမ်းချမ်းသာခွင့်ကိုလက်ခံရန် တိုက်တွန်းထားပြီးနယ်စပ်တစ်လျှောက် ကယ်ဆယ်ရေးစခန်းများတွင် အသင့်ရောက်ရှိနေသော အစားအစာ၊ ဆေးဝါးနှင့် အထောက်အပံ့များကို ဝင်ခွင့်ပေးရန် တောင်းဆိုထားသည်။

ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ပါက ဘေးကင်းသောခိုလှုံစရာနှင့် ထွက်ပေါက်ရှိမည်မဟုတ်ကြောင်း၊ အရာရာကို ဆုံးရှုံးရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က သတိပေးသည်။

“ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို ကြိုးစားနေပေမယ့် နည်းလမ်းအားလုံးကို အသုံးပြုဖို့ အဆင်သင့်ပဲ” ဟု ထရမ့်က ထပ်မံသတိပေးသည်။

ထရမ့်၏ သတိပေးမှုကိုတုန့်ပြန်သည့်အနေနှင့် ရုပ်သံမှ မိန့်ခွန်းပြန်လည် ပြောကြားသူမာဒူရိုကထရမ့်သည် နာဇီစတိုင် ပြောဆိုနေသည်ဟု စွပ်စွဲလိုက်သည်။

“ဘယ်သူကဗင်နီဇွဲလားစစ်ဦးစီးချုပ်လဲ။ မိုင်ယာမီကနေညွှန်ကြားနေတဲ့ ဒေါ်နယ်ထရမ့်လား။ သူတို့ကဒီနိုင်ငံကို ပိုင်တယ်လို့ ထင်နေကြပုံရတယ်”ဟု မာဒူရိုက တုံ့ပြန်ပြောဆိုသည်။

F-04