News

POST TYPE

NEWS

အပ်ချည်မျှင်ဆရာတော်၏ စွပ်စွဲမှု မမှန်ကန်ဟု မြို့တော်ဆေးရုံဆို
19-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၉

မန္တလေးမြို့တော်ဆေးရုံ၏ သွေးစစ်စက်အဖြေ မှားယွင်းသည်ဟု စဥ့်ကိုင်မြို့ ရွှေပြည်သာကျောင်းတိုက်မှ ဆရာတော် ဒေါက်တာအရှင်ဇဝန (အပ်ချည်မျှင်ဆရာတော်)၏ ပြောဆိုစွပ်စွဲမှုများမှာ မမှန်ကန်ဘဲ ဆေးရုံအနေဖြင့် မည်သည့်အမှားကိုမျှ မကျူးလွန်ကြောင်း ယင်းဆေးရုံ တာဝန်ရှိသူများက ငြင်းဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေးမြို့တော်ဆေးရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဆေးရုံတာဝန်ရှိသူများက ယင်းသို့ သတင်းမီဒီယာများကို တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆရာတော် ဦးဇဝန မြို့တော်ဆေးရုံမှာ ဆေးတက်ရောက်ခံသခံယူစဉ်မှာ ဆေးကုသမှုနဲ့ပတ်သက်လို့တော့ ကုသပေးတဲ့ ဆရာဝန်များအပိုင်းမှာရော၊ လက်ခံပြီးတော့ ကုသပေးတဲ့ မြို့တော်ဆေးရုံရဲ့ အပိုင်းတွေမှာရော၊ မှားယွင်းမှုတွေ၊ ပေါ့ဆမှုတွေ၊ လွဲမှားမှုတွေ၊ လုံးဝ မရှိခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ကလည်း ပြည်တွင်း ပြည်ပ မည့်သည့် ဆေးပညာအဖွဲ့အစည်းနဲ့မဆို၊ စစ်ဆေးမှုကို ခံယူနိုင်ပါတယ်”ဟု အထက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံအသင်း Rich Management ကော်မတီဥက္ကဋ္ဌ အငြိမ်းစားဆရာဝန် ဒေါက်တာကိုကိုကြီးက ပြောကြားသည်။

ဆရာတော်ဦးဇဝနကို ဆေးကုသမှုများနှင့်ပတ်သက်ပြီး ဆေးရုံ၏ဝန်ထမ်းမဟုတ်သည့် သီးခြား တစ်သီးပုဂ္ဂလ ဆရာဝန်ကြီးများနှင့် ဖွဲ့စည်းထားသည့် ကျန်းမာရေး စောင့်ရှောက်မှုကော်မတီက စစ်ဆေးခဲ့ရာတွင်လည်း မြို့တော်ဆေးရုံ၏ ကုသချက်များမှာ စံချိန်မီပြီး သတ်မှတ်ထားချက်များနှင့်လည်း ကိုက်ညီသည်ကိုတွေ့ရှိရကြောင်း မြို့တော်ဆေးရုံ၏ စက်ပစ္စည်းများမှာလည်း နိုင်ငံတကာအဆင့်မီ သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး၊ FDA ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းထားသည့်ဆေးများ၊ ပစ္စည်းများသာဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက မြို့တော်ဆေးရုံတွင် သွေးတိုးသည့်အတွက် ခေါင်းမူးသည်ဟုဆိုကာ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ဆရာတော် ဒေါက်တာ အရှင်ဇဝနက သွေးချိုစစ်ဆေးမှု အဖြေအမှားများထုတ်နေသည့်စက်ကို အခြေခံကာ ဆေးကုသမှုပေးခဲ့သည်ဟုဆိုကာ မဟာအောင်မြေမြို့နယ် အမှတ် ၉ နယ်မြေရဲစခန်းတွင်တိုင်ကြားရာ ယင်းစခန်းက အမှုအမှတ် (ပ) ၁၁၀/ ၂၀၁၉ ဖြင့် အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။

သကြားဓာတ်ပါဝင်မှုကို စစ်ဆေးသည့် Glucose Meter က ဆရာတော်၏ သွေးတွင်းသကြားပါဝင်မှု ပမာဏမှာ ၂ ဒသမ ၅ သာရှိကြောင်း အဖြေထုတ်သည့်အတွက် ယင်းပမာဏမှာ အိပ်စက်နေရင်းပင် ဦးနှောက်ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ချွေးသီးချွေးပေါက်များကျကာ ရုတ်တရက် လဲကျသေဆုံးနိုင်ကြောင်းများပြောဆိုကာ တစ်နာရီထက်ကျော်လွန်ကာ အိပ်စက်ခွင့်မပေးဘဲ နှိုးခြင်းများကို ခုနစ်ရက်ခန့်အထိ ဆက်တိုက်ပြုလုပ်ခဲ့ပြီး သကြားဓာတ်များထိုးသွင်းခဲ့ကြောင်း ဆရာတော် ဒေါက်တာဇဝနက မိန့်ကြားထားသည်။

ထို့နောက်ဆရာတော်သည် ဆေးရုံကပြောဆိုသတိပေးထားသည့် လက္ခဏာများ ပေါ်ပေါက်ခြင်းမရှိဘဲ၊ ပကတိတိုင်းကျန်းမာနေသည့်အတွက် အဖြေထုတ်သည့် စက်က မှားယွင်းနေခြင်းဖြစ်နိုင်သည်ဟု သံသယဖြစ်ကာ အခြားစက်တစ်လုံးဖြင့် တိုင်းတာကြည့်ချိန်တွင် ဆရာတော်၏ သွေးတွင်း သကြားဓာတ် ပါဝင်မှုမှာ ၇ ဒသမ ၃ အထိရှိနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားထားသည်။

M-04