News

POST TYPE

NEWS

လွှတ်တော်အမတ်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုကို နိုင်ငံခြားအစိုးရတစ်ခုကပြုလုပ်သည်ဟု ဩစတြေးလျစွပ်စွဲ
18-Feb-2019


ဆစ်ဒနီ ဖေဖေါ်ဝါရီ ၁၈

ဩစတြေးလျတွင် နိုင်ငံရေးပါတီများ၏ ကွန်ရက်ကျိုးပေါက်ကာ လွှတ်တော်အမတ်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် နိုင်ငံခြားအစိုးရတစ်ခုက ပြုလုပ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင်ဖေါ်ပြထားသည်။

မေလတွင် ရွေးကောက်ပွဲကျင်းပရန်ရှိနေသည့် ဩစတြေးလျတွင် လွှတ်တော်ကွန်ပျူတာကွန်ရက် တိုက်ခိုက်ခံရကြောင်းကို ဆိုက်ဘာထောက်လှမ်းရေးဌာနက တွေ့ရှိခဲ့ပြီးနောက် လွှတ်တော်အမတ်များအား Password များ အရေးပေါ်ပြောင်းကြရန် အကြောင်းကြားထားသည်။

“ဒီလို ဖျက်လိုဖျက်ဆီး လုပ်ရပ်ဟာ ကျွမ်းကျင်တဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ လက်ချက်ဖြစ်တယ်လို့ ကျွန်တော်တို့ရဲ့ ဆိုက်ဘာကျွမ်းကျင်သူတွေက ယုံကြည်ပါတယ်။ လစ်ဘရယ်ပါတီ၊ လေဘာပါတီ၊ နေရှယ်နယ်ပါတီတွေရဲ့ကွန်ရက်တွေ ကျိုးပေါက်ခဲ့တယ်လို့ သိရှိထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ဝန်ကြီးချုပ်က ရရှိထားသော သတင်းအချက်အလက်ကို ထုတ်ဖော်မပြောသော်လည်း ရွေးကောက်ပွဲ ကြားဝင်စွတ်ဖက်မှု အထောက်အထားမရှိသေးဟု ပြောကြားသည်။

အစိုးရ ဆိုက်ဘာလုံခြုံရေးစင်တာ အကြီးအကဲ အလတ်စတယ်မက်ဂစ်ဘွန်က “ကျွန်တော်တို့နိုင်ငံက နိုင်ငံရေး အဖွဲ့အစည်းတွေက တန်ဖိုးကြီးပစ်မှတ်တွေ ဖြစ်နေပါတယ်။ ပြည်တွင်း၊ ပြည်ပ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး နောက်ကွယ်မှာ ဘယ်သူရှိသလဲ၊ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဆက်လက်ဖော်ထုတ်ဖို့ လုပ်ဆောင်သွားပါမယ်” ဟု ကင်ဘာရာတွင် သတင်းထောက်များအား ပြောကြားသည်။ 

ဖြစ်နိုင်ခြေ အရှိဆုံး ကျူးလွန်သူများမှာ တရုတ်၊ ရုရှားနှင့် အီရန်တို့ဖြစ်သည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

နိုင်ငံတကာ ဆိုက်ဘာမူဝါဒ စင်တာမှ အကြီးအကဲ ဖားဂတ်စ်ဟန်ဆန်က “ခင်ဗျားအနေနဲ့ တက်ကြွလှုပ်ရှားမှုကို ထည့်စဉ်းစားမယ်ဆိုရင် တရုတ်လို့ ပြောမှာပဲ။ ရုရှားကိုလည်း ဖယ်ထားလို့ မရဘူး” ဟု ပြောကြားသည်။

ဩစတြေးလျ ပြည်တွင်းရေးတွင် ဘေဂျင်းက ဝင်ရောက်စွတ်ဖက်ရန် ကြိုးစားနေသည်ဟု ကင်ဘာရာက စွပ်စွဲခဲ့ပြီးနောက် ၂၀၁၇ နောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။

ထို့အပြင် 5G ဆက်သွယ်ရေးကွန်ရက်သစ် တည်ဆောက်ရေးတွင် တရုတ် Huawei နည်းပညာကုမ္ပဏီ၏ စက်ပစ္စည်းများကို ဩစတြေးလျအစိုးရက ပိတ်ပင်လိုက်ပြီးနောက် လပိုင်းအတွင်း နာမည်ကြီး တရုတ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦး၏ဗီဇာကို ရုတ်သိမ်းပြီးနောက်တွင် ယခုလအတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ရုရှား စစ်ဖက်ထောက်လှမ်းရေး GRU မှ အရာရှိများသည် ၂၀၁၆ ခုနှစ်က အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အမေရိကန်ပြည်ထောင်စုရှိ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်များ၊ သမ္မတလောင်း ဟီလာရီကလင်တန်နှင့် သူမ၏ မဲဆွယ်စည်းရုံးရေး ကော်မတီများ၏ကွန်ပျူတာများကို လျှို့ဝှက်စောင့်ကြည့်ခဲ့သည်ဟု အမေရိကန် စုံစမ်းစစ်ဆေးရေး အရာရှိများက သုံးသပ်ထားသည်။

F-04