News

POST TYPE

NEWS

ခြေဥပြင်ဆင်ရေးကို မူအားဖြင့်သဘောတူသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရကို မထိခိုက်စေသင့်ဟု တပ်ချုပ်ပြောကြား
18-Feb-2019

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မူအားဖြင့် သဘောတူကာ အခြေခံဥပဒေ၏အနှစ်သာရကို မည်သည့်ပြင်ဆင်မှုကမျှ မထိခိုက်စေသင့်ဟု ဂျပန်သတင်းစာ ဆရာတစ်ဦးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

အဆာဟိရှင်ဘွန်း သတင်းစာ ဆရာ ရူတာဆိုမီတာရာက အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဖွဲ့ခြင်းကိစ္စအပေါ် NLD အင်အားစုက ကြိုတင်အသိပေးခဲ့ပါသလားဟု မေးမြန်းကာ အခြေခံဥပဒေပြင်ဆင်ခြင်းကို သဘောတူပါသလားဟု ဆက်လက်မေးမြန်းခြင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 

လွှတ်တော်များအတွင်း တပ်မတော်သားခန့်အပ် ၂၅ ရာခိုင်နူန်းရှိနေခြင်းကိစ္စကို မေးမြန်းခဲ့သောအခါ ၂၅ ရာခိုင်နူန်း ကိစ္စသည် ပါတီစုံဒီမိုကရေစီသို့ အကူးအပြောင်းအတွက် ရှိနေခြင်း ဖြစ်ကြောင်း တပ်ချုပ်က တုံ့ပြန်သည်။

“နိုင်ငံရေးနယ်ပယ်နဲ့ လုံခြုံရေးနယ်ပယ်တို့မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကင်းမဲ့နေဆဲ ဖြစ်ပါတယ်။ ခက်ခဲတဲ့အချိန်ကို ကျွန်တော်တို့က ကျော်ဖြတ်နေဆဲ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီကို တည်ငြိမ်စွာ သွားရောက်နိုင်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

လွှတ်တော်အတွင်းဆွေးနွေးငြင်းခုံမှုများ၊ အုပ်ချုပ်ရေးကိစ္စများ၊ အများပြည်သူ ပါဝင်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များ၏ လှုပ်ရှားမှုများကို ထောက်ချင့်လျက် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍတို့တွင် တည်ငြိမ်မှု လိုအပ်နေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကဏ္ဍတိုင်းတွင် တည်ငြိမ်သွားပါက လွှတ်တော်အတွင်း တပ်မတော်၏ ပါဝင်မှုကိုပြောင်းလဲရမည်ဖြစ်ကာတွယ်ဖက်နေမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။ 

ဂျပန်သတင်းထောက်က ရခိုင်ပြည်နယ်အရေးကိစ္စ၊ ICC အရေးကိစ္စတို့ကိုလည်း ထည့်သွင်းမေးမြန်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဌာနေ တိုင်းရင်းသားများကိုကာကွယ်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုများကိုကိုင်တွယ် ဖြေရှင်းရမည်မှာ တာဝန်ပင်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေးသည် လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်သင့်ကြောင်းတပ်ချုပ်က ပြည်တွင်းမီဒီယာများကိုလည်း မှတ်ချက်ပြုခဲ့ဖူးသည်။ 

F-02