News

POST TYPE

NEWS

ကျောက်တွင်းတစ်ခု၌ နံရံပြိုကျ၍ ကျောက်တူးသမားတစ်ဦးသေဆုံး
17-Feb-2019

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း သာစည်မြို့နယ် ဘုရားငါးဆူကျေးရွာရှိ ပုဂ္ဂလိကကျောက်တွင်းတစ်ခုတွင် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းက ကျောက်တွင်းနံရံကမ်းပါးပြိုကျ၍ ကျောက်တူးနေသည့် အလုပ်သမားတစ်ဦးသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းကျေးရွာနေ ဦးသိန်းဇော် (၃၁ နှစ်) သည် ကျေးရွာမြောက်ဘက် (၆) ဖာလုံခန့်အကွာရှိ တမာပင်ချောင်း ကျောက်တွင်း၌ တစ်ဦးတည်းကျောက်တူးနေစဉ် ကျောက်နံရံကမ်းပါးပြိုကျပြီး ကျောက်တုံးများပိ၍ မျက်နှာပိပြားဒဏ်ရာနှင့် ခန္ဓာကိုယ်ပွန်းခြစ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သာစည်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရေးအတွက် ဒုရဲအုပ်ဝင်းဇာနည်က တရားလိုပြုလုပ်တိုင်တန်းချက်အရ သာစည်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၉) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01