News

POST TYPE

NEWS

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါ်နီလာကျော်ကို နှောင့်ယှက်သူများအား ပုဒ်မလေးခုဖြင့် အမှုဖွင့်
16-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါ်နီလာကျော်နှင့် ဒေသခံဦးကြည်ဝင်းတို့ကို ရန်ပြုနှောင့်ယှက်ခဲ့သည့် မိသားစုဝင်လေးဦးကို ရာဇဝတ်မှုမကင်းသော ခြောက်လှန့်မှုနှင့် လက်ရောက်မှုကျူးလွန်ခြင်း အပါအဝင် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားကြောင်း ကာယကံရှင်ဖြစ်သူ ဦးကြည်ဝင်းက ပြောကြားသည်။

“ရဲစခန်းကတော့ ခေါ်ယူစစ်ဆေးတာမျိုး မရှိသေးဘူး။ ဒီမိသားစုက စောင့်ကြည့်နေတာမျိုးတွေရှိတယ်။ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရတယ်။ အဓိကတော့ အမှန်တရားအတွက် တိတိကျကျ ဖြစ်စေချင်တယ်။ ဘယ်လောက်ဆိုးသလဲဆို ရဲစခန်းအထိလိုက်ပြီးတော့ ဖိအားပေးနှောင့်ယှက်တာ”ဟု ၎င်းကပြောဆိုသည်။

တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်အနီးရှိ မျက်နှာစာ ပေ ၂၅၀ နှင့် နောက်အကျယ် ပေ ၇၀ ခန့် ကျယ်ဝန်းသည့် မြေ ကွက်လပ်တွင် ကလေးကစားကွင်းဖွင့်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရာ၌ ၎င်းတို့ပိုင်မြေအား မတရားပြုလုပ်သည်ဟုဆိုကာ ယင်းရပ်ကွက်နေ မိသားစုဝင်လေးဦးက ဝန်ကြီးဒေါ်နီလာကျော်ကို အော်ဟစ်ပြောဆိုခြင်း၊ ကားတံခါး အတင်းဆွဲဖွင့်ခြင်းတို့ပြုလုပ်ကာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်။ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်အတူရှိနေသည့် ဒေသခံဦးကြည်ဝင်းအား လိုက်လံရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောကြားသည်။

ထို့သို့နှောင့်ယှက်ခဲ့မှုနှင့်ပတ်သက်၍ တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်တွင် နေထိုင်သော ဦးခွန်ကျော်၊ ဒေါ်သိန်းမြ၊ ဒေါ်ခင်လှဝင်းနှင့် အိတုံတို့ကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားကြောင်း တောင်ဒဂုံမြို့တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

“ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်။ ရဲလုပ်ငန်းပိုင်းဆိုင်ရာအရ စစ်ဆေးမေးမြန်းရမှာတွေ ရှိသေးတယ်။ လတ်တလော အသေးစိတ်ပြောဖို့မလွယ်ဘူး”ဟု ယင်းရဲအရာရှိက ပြောဆိုသည်။

အဆိုပါ အန္တရာယ်ပြုခံရသည့်ဖြစ်စဉ်တွင် မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင်ပါဝင်သော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးခြင်း၊ ဟန့်တားခြင်းမျိုး မရှိခဲ့ကြောင်း၊ လက်ရှိတွင် ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးရန် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး အပါအဝင် တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်နှင့် တိုင်းတရားသူကြီးချုပ် ဦးလှအေးတို့ထံ တင်ပြထားကြောင်း ယင်းဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့ရသူ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

“ဝန်ကြီးက ဒေသခံပြည်သူတွေကို ရှင်းပြနေတဲ့အချိန်မှာ အဲ့ဒီမိသားစုဝင်တွေက ပြေးလာပြီး မျက်နှာကို ဖုန်းနဲ့တေ့ ရိုက်တယ်။ Live လွှင့်တဲ့သဘောမျိုးလုပ်တယ်။ သူတို့ပိုင်မြေပါ။ မတရားလုပ်တာ ဆိုတဲ့ပုံစံမျိုးတွေနဲ့ လက်ညှိးငေါက်ငေါက်ထိုးပြီး ပြောတယ်။ ပြဿနာမဖြစ်ချင်လို့ ဝန်ကြီးကိုကာပြီးတော့ ကားပေါ်တင်တာကို ကားအထိ လိုက်ပြီးတော့ တံခါးကို အတင်းဆွဲဖွင့်ပြီးတော့ကို အန္တရယ်ပြုခံခဲ့ရတာပါ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါမြေသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသခံပြည်သူနှင့်ထိတွေ့ရန် ကွင်းဆင်းဆောင်ရွက်ရာတွင် ဥပဒေစိုးမိုးမှု အားနည်းနေသည်ကို တွေ့ရကြောင်းလည်း ဦးညီညီက ဝေဖန်ပြောကြားသည်။

၁၉၅၃ ခုနှစ် နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေအရ ယင်းမြေယာသည် နိုင်ငံပိုင်မြေဖြစ်သည်ဟု အိုးအိမ်ဦးစီးဌာနမှ အတည်ပြုထားသည့်နေရာ တစ်ခုဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

J-17