News

POST TYPE

NEWS

ကျပ်သိန်းပေါင်း တစ်သောင်းအထိ ရရှိမည့် ၅၀၀ ကျပ်တန် ထီလက်မှတ် ရောင်းချမည်
28-Jul-2016
နေပြည်တော်၊ ဇူလိုင် ၂၇

အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၀၀၀၀၊ ဒုတိယဆု ကျပ်သိန်း ၅၀၀၀၊ တတိယဆု ကျပ်သိန်း ၁၀၀၀ အပြင် အခြားဆုမဲများစွာကို ရရှိမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်ကို ရောင်းချပေးရန် စီစဉ်နေကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဇူလိုင် ၂၇ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၄) မှ ဦးဝင်းထိန်က ယင်းငွေများကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း မပြုဘဲ ထီထိုးကံစမ်းသူများ၏ ရပိုင်ခွင့်အဖြစ် ထီဆုမဲများအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထီလက်မှတ်များ ဝယ်ယူရာတွင် အခက်အခဲရှိခြင်း၊ ဈေးကွက်တည်ငြိမ်ခြင်း၊ တရားမဝင် ထီထိုးမှုများ ပပျောက်ခြင်းအပြင် ဖြန့်ဖြူးရောင်းချခြင်း၊ ထီဆုခွဲဝေခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဥပဒေဘောင် အတွင်းမှ အများပြည်သူ အခက်အခဲမရှိ ကံစမ်းနိုင်ရန် အစိုးရ အောင်ဘာလေထီ ဥပဒေ (မူကြမ်း) ကို အခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြထားပြီ ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီက ထပ်လောင်းပြောကြားသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲတွင် ငွေလာရောက် မထုတ်သည့် ထီဆုငွေများကို နိုင်ငံတော် ရန်ပုံငွေမှ တစ်ဆင့် လုံခြုံရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး ကဏ္ဍများတွင်  ပြည်သူများ အကျိုးရှိစေရန် အချိုးကျ သုံးစွဲနေကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။