News

POST TYPE

NEWS

အခြေခံဥပဒေပြင်ဆင်ရေးနှင့် မြစ်ဆုံစီမံကိန်းဖျက်သိမ်ရေး တောင်သာဒေသခံများ မြို့သုံးမြို့ဖြတ်၍ဆန္ဒပြ
15-Feb-2019


မန္တလေး၊ ဖေဖော်ဝါရီ ၁၅

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးနှင့် မြစ်ဆုံစီမံကိန်း အပြီးပိုင် ဖျက်သိမ်းရေးကို တောင်သာမြို့မှ ဒေသခံအချို့က မြို့သုံးမြို့ကိုဖြတ်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြမှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

"ဒီမြစ်ဆုံ စီမံကိန်းက ကျွန်တော်တို့နိုင်ငံသားတွေကို ဘယ်လောက်အထိ အကျိုးပြုနိုင်မှာလဲ။ ဒီစီမံကိန်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကိုရော ဘယ်သူတွေက တာဝန်ခံပေးမှာလဲ။ ကျွန်တော်တို့နိုင်ငံမှာက ဒီအတိုင်းတောင် သဘာဝဘေးတွေကို မြင်မကောင်းအောင် ဖြစ်နေတာ။ ဒီစီမံကိန်းသာ ဖြစ်လာရင် ပိုဆိုးမယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်ကြတဲ့နိုင်ငံသားတွေ ဆိုးကျိုးပဲခံစားရမှာ။ ဒါကြောင့် အပြီးပိုင်ဖျက်သိမ်းဖို့ တောင်းဆိုတယ်။ အခြေခံဥပဒေဆိုတာကလည်း ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာရင် နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို အကျိုးပြုနိုင်တဲ့ ဥပဒေတွေပါလာဖို့ လိုအပ်တယ်။ စံချိန်စံညွှန်းတွေနဲ့ညီတဲ့ ဥပဒေတစ်ခုအဖြစ် ပြင်ပေးစေချင်လို့ ခုလိုတောင်းဆိုတာဖြစ်တယ်"ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးတင့်လွင်ဦးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် တောင်သာမြို့နယ်အတွင်းရှိ ဘုရားလှ၊ ဖက်တော၊ ဆည်ကုန်း၊ ထနောင်းတိုင်၊ နွားပြင်း၊ နန်းမြင့်၊ မြေဖြူကုန်း၊ အင်းတဲ၊ နန်းတည်၊ တာမံကြီးနှင့် တောင်သာမြို့ပေါ် (၆) ရပ်ကွက်စသည့် ကျေးရွာပေါင်း (၁၀) ရွာကျော်မှ ဒေသခံပြည်သူ (၅၀) ကျော်က ပါဝင်ဆင်နွှဲခဲ့ကြသည်။

လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံပြည်သူများက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ... ဒို့အရေး၊ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ... ဒို့အရေး၊ ပြည်သူ့ဆန္ဒ မပါသောစီမံကိန်းများ ... အလိုမရှိ စသည့်ကြွေးကြော်သံများဖြင့် တောင်သာမြို့မှတစ်ဆင့် မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်တုအထိလည်းကောင်း၊ ယင်းမှတစ်ဆင့် နွားထိုးကြီးမြို့သို့လည်းကောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

M-04