News

POST TYPE

NEWS

ဦးကိုနီလုပ်ကြံခံရမှုမှာ စွဲချက်တင်ထားသူများကို အပြီးသတ်အမိန့်ချ၊ ကြည်လင်းနှင့် အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ် သတ်ရန်စီရင်ချက်ချ
15-Feb-2019



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်လေဆိပ်၌ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးတွင် စွဲချက်တင် စစ်ဆေးနေသူ လေးဦးမှ ကြည်လင်းနှင့် အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် ယနေ့တွင် အပြီးသတ် စီရင်ချက် အမိန့်ချမှတ်လိုက်သည်။

ယင်းအမှုတွဲတွင် ပါဝင်သူ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်သာ ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီး အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်သာ ကျခံစေရန် အမိန့်ချမှတ်ပြီး ၎င်းတို့နှစ်ဦးမှာ ချုပ်ရက်များ ထုတ်နှုတ်ခံစေရန် တရားသူကြီးက ခွင့်ပြုလိုက်သည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၃၄ အရသေဒဏ်အမိန့်ချမှတ်ခံရသူ ကြည်လင်းမှာ အငှားယာဉ်မောင်း ကိုနေဝင်းကို သေနတ်ဖြင့် ပစ်သတ်မှုဖြင့် ထောင်ဒဏ် ၂၀ နှစ်နှင့် လက်နက်ဥပဒေ ပုဒ်မ နှစ်ခုအား ထောင်ဒဏ် သုံးနှစ် ကျခံစေရန် ထပ်မံအမိန့်ချမှတ်လိုက်သည်။

ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပေးရန် ငွေပေးစေခိုင်းသူဟု စွပ်စွဲခံရသူ ဇေယျာဖြိုးမှာ ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံရသူ အောင်ဝင်းထွန်းမှာ ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခြင်း ရာဇသတ်ကြီး ပုဒ်မ ၂၁၂ အရ အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခံရခြင်းဖြစ်ပြီး ယင်းအမှုမှ ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်ကို တရားရုံးက ဝရမ်းပြေးအဖြစ် ကြေညာထားသည်။

လူအများစိတ်ဝင်စားနေသည့် အဆိုပါအမှုအား အပြီးသတ်စီရင်ချက်အမိန့် ချမှတ်သည့် ယနေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးထံ လာရောက်၍ တရားစီရင်မှုအပေါ် လာရောက်ကြားနာခဲ့သူ အများအပြား ရှိခဲ့ကာ အထူးခုံရုံး၏ တရားစီရင်ချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြသည်။

S-03