News

POST TYPE

NEWS

ပင်လယ်မှ မျောလာသည့် ပုံးအတွင်းမှ အရည်ကို သောက်မိသူနှစ်ဦး သေဆုံး
28-Jul-2016
ကော့သောင်း၊ ဇူလိုင် ၂၇

ကော့သောင်းမြို့နယ် လိပ်ကျွန်းအရှေ့ဘက် ပင်လယ်ပြင်တွင် မျောလာသည့် ပုံးထဲမှ အရည်ကို အရက်ထင်ပြီး သောက်မိရာမှ အမျိုးသားနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ပင်လယ်ပြင်တွင် မျောလာသည့် ပုံးကို တံငါသည်တစ်ဦးက ဇူလိုင်လ ၂၁ ရက်နေ့က ဆယ်ယူလာခြင်း ဖြစ်ကြောင်း ပုံးအတွင်းမှ အရည်ကို ရေဖြင့်ရောစပ်ကာ ခွေးကို အရင်စမ်းတိုက်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မတွေ့၍ အရက်ဆီဟု ထင်ပြီး နောက်တစ်ရက်တွင် မိတ်ဆွေ ၂ ဦးနှင့်အတူ သောက်ရာမှ တံငါသည်နှင့်အတူ မိတ်ဆွေတစ်ဦး သေဆုံးခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။  

“အဲဒီအရည်တွေ သောက်ပြီး ညပိုင်မှ သူတို့ ၃ ဦးစလုံး တစ်ပြိုင်တည်း အော့အန်ကြလို့ ဆေးရုံကို အချိန်မီ တင်ပို့အပ်ခဲ့ပေမယ့် လမ်းမှာပင် နှစ်ဦး သေဆုံးခဲ့တယ်။ တစ်ဦးကတော့ နည်းနည်းပဲ သောက်ခဲ့လို့ မူးဝေတာပဲ ဖြစ်ခဲ့တယ်” ဟု ဆေးရုံသို့ လာပို့သူများ၏ ထွက်ဆိုချက်ကို ကိုးကားပြီး ရဲအုပ် အောင်ဇော်မင်းထွန်းက ဆိုသည်။

ပုံးထဲရှိ အရည်များအား မည်သည့်အရည် ဖြစ်သည်ကို ဓာတ်ခွဲခန်းပို့ စစ်ဆေးသွားမည် ဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ 

Dawei Watch