News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်နှင့် ‘ဝ’၊ မိုင်းလား ခေါင်းဆောင်များ ဇူလိုင်လ ၂၉ ရက်နေ့ တွေ့မည်
28-Jul-2016
ရန်ကုန်၊ ဇူလိုင်  ၂၇

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသည့် ‘ဝ’၊ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ လာမည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက The Voice သို့ အတည်ပြု ပြောကြားသည်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) နှင့် မိုင်းလားတပ် (NDAA) တို့ နေပြည်တော်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ၂၁ရာစု ပင်လုံညီလာခံ ကျင်းပရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း ဦးဇော်ဌေးထံမှ သိရသည်။

မိုင်ဂျာယန်တွင် ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်များ စုံညီအစည်းအဝေးသို့ မိုင်းလားအဖွဲ့ တက်ရောက်ခဲ့သော်လည်း UWSA အနေနှင့် တက်ရောက်ခဲ့ခြင်း မရှိဘဲ နိုင်ငံတော် အတိုင်ပင်ခံနှင့် ယခုလို သီးသန့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းလက်နက်ကိုင် ခေါင်းဆောင်များ ပြည်တွင်းသို့ လာရောက်တွေ့ဆုံရန် နိုင်ငံတော် အတိုင်ပင်ခံဘက်က ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက မိုင်းလားသို့ သွားရောက်၍ ယင်းလက်နက်ကိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံထားသည်။

ယင်းတွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး အစိုးရဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေဖြစ်သည့် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ပါဝင်သည့် ထိပ်သီးညီလာခံ ကျင်းပနေသည်။