News

POST TYPE

NEWS

အိမ်အကူ မကရင်မ သေဆုံးမှု ပြန်ခေါ်သက်သေ ခုနစ်ဦးကို ထပ်မံစစ်ဆေးခွင့် ပြု မပြု နောက်ရုံးချိန်းတွင် အမိန့်ချမည်
07-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အိမ်အကူ မကရင်မ သေဆုံးမှုနှင့်ပတ်သက်ပြီး လူသတ်မှုပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင် စစ်ဆေးခံနေရသူ ဥပဒေအရာရှိ အမျိုးသမီးဘက်က ပြန်ခေါ်သက်သေခုနစ်ဦးကို ထပ်မံခေါ်ယူစစ်ဆေးရန် ရုံးတော်သို့တင်ပြလာသဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရုံးချိန်းတွင် တရားသူကြီးက ခွင့်ပြု မပြုကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားခံဘက်က ရှေ့နေထံမှ သိရသည်။
 
“ဒီကနေ့ ရုံးချိန်းမှာ တရားခံဘက်က ရှေ့နေက ပြန်ခေါ်သက်သေ နောက်ထပ် ခုနစ်ဦးကို ထပ်စစ်ပေးဖို့ ရုံးတော်ထံ တင်ပြတယ်။ ပထမ ပြန်ခေါ်သက်သေက နှစ်ဦးရှိနေတော့ စုစုပေါင်းဆို ပြန်ခေါ်သက်သေ ကိုးဦးအထိ ရှိသွားတာပေါ့။ တရားလိုဘက်ကလည်း ထပ်တိုးလျှောက်ထားတဲ့ ပြန်ခေါ်သက်သေစာရင်းကို လက်မခံဖို့နဲ့ မူလကတည်းက ဒီအမှုကို တိတိကျကျ စစ်ဆေးထားပြီးဖြစ်ကြောင်း ပြန်တင်ပြတာကြောင့် တရားသူကြီးက လာမယ့် နောက်ရုံးချိန်းမှာ ထပ်တိုးပြန်ခေါ်သက်သေစာရင်းကို လက်ခံ မခံဆိုတာ အမိန့်ချမှတ်မယ်”ဟု တရားခံဘက်မှ အကျိုးဆောင်ရှေ့နေကပြောသည်။

ကလေးလေးယောက် မိခင်မုဆိုးမဖြစ်သူ အသက် ၄၀ နှစ် မကရင်မမှာ လှည်းကူးမြို့နယ်၊ အင်းတိုင် သံချပ်ကာတပ်ရင်းရှိ တပ်မတော်အရာရှိ၏ဇနီး ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု၏နေအိမ်တွင် အိမ်အကူအလုပ် သွားရောက်လုပ်ကိုင်ခဲ့ချိန်က ၎င်းမှာ ရွှေဆွဲကြိုးခိုးယူသည်ဟု စွပ်စွဲပြောဆိုခံရပြီး ဒေါ်သိင်္ဂီစု၏နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

ယင်းအမှုဖြစ်စဉ်ကို တောင်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ရုံးချိန်းတွင် တရားစွဲဆိုခံရသူ ဒေါ်သိင်္ဂီစုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင် စစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့ပြီးနောက် ပြန်ခေါ်သက်သေအဖြစ် မကရင်မကို အိမ်အကူအလုပ် ရှာပေးခဲ့သူ ဦးစိန်သန်းနှင့် မကရင်မ၏မိခင် ဒေါ်လှလှဝင်းတို့ကို စစ်ဆေးမည်ဖြစ်သော်လည်း ယင်းသက်သေနှစ်ဦးအား မစစ်ဆေးဖြစ်ခင် တရားခံဘက်မှ ပြန်ခေါ်သက်သေ နောက်ထပ် ခုနစ်ဦးကို ထပ်မံစစ်ဆေးပေးရန် ဖေဖော်ဝါရီ ၆ ရက် ရုံးချိန်းတွင် တင်သွင်းခဲ့သည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) မှာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ အမိန့်ချမှတ်နိုင်ပြီး အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်နိုင်ကြောင်းနှင့် အဆိုပါအမှုအတွက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့က တရားလိုဘက်မှ ဥပဒေအတိုင်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုက်ပါကူညီဆောင်ရွက်ပေးနေသည်။ 

S-03