News

POST TYPE

NEWS

ကလေးစစ်သားများကို စစ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချဟုဆို
28-Jul-2016 tagged as စစ်သား

နေပြည်တော်၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံတွင် ကလေးစစ်သားများကို စစ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချနေသည်ဟု အမေရိကန် အခြေစိုက် (Trafficking in Persons - TIP) ၏ လူကုန်ကူးမှု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ချပြလိုက်သည်။

နေပြည်တော်ရှိ PARKROYAL ဟိုတယ်တွင် ယနေ့ (ဇူလိုင် ၂၇) ပြုလုပ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယငါးနှစ် စီမံကိန်းအပေါ် ပြန်လည်သုံးသပ်မှုနှင့် တတိယငါးနှစ် စီမံကိန်း (၂၀၁၇-၂၀၂၁) ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ယင်းကဲသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

 ၂၀၁၂ မှ  ၂၀၁၆ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဒုတိယငါးနှစ် စီမံကိန်း၏ အကြံပြုချက် ၁၄ ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပြီး ကလေးစစ်သား စုဆောင်းမှု ရပ်စဲရန်၊ လက်ရှိ တာယန်ထမ်းဆောင်နေသော ကလေးစစ်သားများ ဖော်ထုတ်ရန်နှင့် နှုတ်ထွက်ခွင့်ပေးရန် အကြံပြုထားကြောင်းဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ဒုရဲမှူးကြီး သက်နောင်က ဆိုသည်။
“ကျွန်တော်တို့ ဘက်ကတော့ ဒီအကြံပြုချက်အပေါ် ဘာမှတုံ့ပြန်ပြောကြားဖို့ မရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စက ကာကွယ်ရေးအပိုင်း ဖြစ်တယ်။ ဒါပေမဲ့ အခု လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ရဲ့ နောင်လာမယ့် ငါးနှစ်တာ ကာလမှာတော့ အဲ့ဒီအချက်တွေကို ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် တပ်သားစုစောင်းရာတွင် အသက်စစ်ဆေးမှု လုပ်ငန်းစဉ်များ ပိုမိုအားကောင်းစေရန်၊ တပ်ပြေးဖမ်းဆီးမှု မပြုမီ အသက်စစ်ဆေးမှု ဆောင်ရွက်ရန်၊ လူကုန်ကူးခံရသည့် အခြေအနေမျိုးတွင် အပြစ်ပေးခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်းများကို ရပ်စဲရန်၊ အဓမ္မလုပ်အား စေခိုင်းမှုနှင့် ကလေးစစ်သား စုစောင်းမှု ကျူးလွန်သည့် တပ်မတော်သားများနှင့် အရပ်ဘက်အရာရှိများ၊ အရပ်သားပွဲစားများကို အရပ်ဘက် တရားရုံးများတွင် တရားစွဲရန်နှင့်  ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန်လည်း အစီရင်ခံစာတွင် ထည့်သွင်းအကြံပြုထားပြီး ကလေးစစ်သား စုဆောင်းမှု၊ ရှေ့တန်းတွင် စေခိုင်းမှုများများအတွက် ပြစ်မှုကျုးလွန်သော တပ်မတော်သားများကို ကာကွယ်ရေး ဝန်ကြီးဌာနကသာ ပြစ်ဒဏ်များချမှတ်နေပြီး ပြစ်ဒဏ်များ လုံလောက်မှု မရှိကြောင်း ထပ်မံအကြံပြုထားသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံအပေါ် အကြံပြု တင်ပြထားသော အချက်များကို လာမည့် တတိယငါးနှစ် စီမံကိန်း ရေးဆွဲမှုတွင် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော လူကုန်ကူးမှုဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဇော်ဝင်းက အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“အမေရိကန်က စွပ်စွဲပြောကြားတာတွေနဲ့ ပတ်သတ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လက ပြန်လည်တုံ့ပြန်စာ အမေရိကန်ကို ပို့ထားပါတယ်။ အကြံပြုချက်တွေကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဒုရဲမှူးကြီး သက်နောင်က ဆိုသည်။

ယင်းအကြံပြချက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ကလေးစစ်သား စုဆောင်းမှု၊ စစ်သားအဖြစ် အသုံးချမှု၊ အဓမ္မစေခိုင်းမှုများ ရပ်တန့်စေရေး ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးရာတွင် ထိုကိစ္စများကို ဦးစားပေးအဆင့် ထားရှိရန်လည်း အမေရိကန်ပြည်ထောင်စုက အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ် စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမ (၅) နှစ် စီမံကိန်း (၂၀၀၇-၂၀၁၁) နှင့်  ဒုတိယ (၅) နှစ် စီမံကိန်း (၂၀၁၂-မှ ၂၀၁၆) တို့ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး တတိယ (၅) နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁) ရေးဆွဲရန် ယင်းအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို ဇူလိုင်လ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အထက်ပါ ကလေးစစ်သား စုစောင်းမှုနှင့် ပတ်သတ်သည့် အကြံပြုချက်ကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။