News

POST TYPE

NEWS

အထက်တန်းကျောင်းအုပ်ကို ကျောင်းသားမိဘ တိုင်ကြားမှု စုံခုံဖွဲ့စစ်ဆေးမည်
30-Jan-2019
ကျိုင်းတုံ၊ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ပညာရည်ချွန် ဆုပေးပွဲကိစ္စ အပါအဝင် ဂုဏ်သိက္ခာကျဆင်းစေရန် ပြောကြားခဲ့သည်ဟုဆိုကာ ကျောင်းသားမိဘတစ်ဦးက တိုင်ကြားမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း ယင်းမြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

“ပညာရည်ချွန်ဆုပေးပွဲမတိုင်မီက ကျွန်မသမီးလေးကို ဒုတိယဆုရတယ်ဆိုပြီး ကြေညာပြီးမှ တကယ်ဆုပေးတော့ ပူးတွဲ တတိယ ပေးတယ်။ ဆရာကြီးဆီမှာ ကျောက်ဖိုးသွားတောင်းတော့လည်း မပေးတဲ့အပြင် ဆရာမတွေရှေ့မှာ ဆဲဆိုပြီး ဂုဏ်သိက္ခာကျဆင်းအောင် အကြိမ်ကြိမ်လုပ်တဲ့အတွက် တိုင်ကြားခဲ့တာပါ”ဟု ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိတစ်ဦး၏ဇနီးဖြစ်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဒေါ်အိဇာဖြိုးဝေက ပြောကြားသည်။

အဆိုပါကျောင်းအုပ်ကို ကျောင်းသားမိဘတစ်ဦးက မြို့နယ်ပညာရေးမှူးထံ လိပ်မူတပ်တိုင်ကြားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ကနဦး စစ်ဆေးခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက ဆိုသည်။

ယင်းတိုင်ကြားမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး ဦးလှမျိုးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ပညာရည်ချွန်ဆုပေးပွဲနှင့်ပတ်သက်၍ ကြေညာမှုလွဲမှားသွားခြင်းသာဖြစ်ပြီး ကျောက်ဖိုးငွေတောင်းခံခြင်းနှင့်ပတ်သက်၍ ၎င်းကိုဆဲဆိုခဲ့ခြင်းမရှိသည့်အပြင် ၎င်း၏ခင်ပွန်းကိုယ်တိုင် လာမတောင်း၍ မပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။

R-16