News

POST TYPE

NEWS

သီလဝါ၌ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၅၀၀ ကျော်ရှိ
20-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၅၀၀ ကျော်အထိရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ပြောကြားသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း ပြည်ပကုမ္ပဏီ အများအပြားရှိပြီး လာမည့်နှစ်ထဲတွင်လည်း အလုပ်သမားများအတွက် အိမ်ရာများ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်နှင့် ဘဏ်များ ရုံးခန်းများဖွင့်လှစ်နိုင်မည့် အဆောက်အအုံများ ပြီးစီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဓိကက ဂျပန်ဘက်က ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တာ တော်တော်စည်းစနစ်ကျတဲ့အတွက် ရင်းနှီးမြှုပ်နှံသူ ဝင်တာလည်းပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

လတ်တလောတွင် သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းအမျိုးအစားမှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံ ပစ္စည်းထုပ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားသောက်ကုန်နှင့် ဖျော်ရည်လုပ်ငန်း၊ ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းတို့ဖြစ်သည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၄ ခုခန့်ရှိပြီး လတ်တလော လုပ်ငန်းလည်ပတ်နေသော စက်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်လျက်ရှိသည်။

J-01