News

POST TYPE

NEWS

ပြည်တွင်းနေ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဝယ်ယူခွင့် စခွင့်ပြုမည်
16-Jan-2019



ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

မြန်မာကုမ္ပဏီများ အက်ဥပဒေအသစ်အရ နိုင်ငံခြားသားများအနေနှင့် ရန်ကုန်စတော့အိတ်ချိန်းဝင် ရှယ်ယာ ဝယ်ယူနိုင်မည်ဖြစ်သော်လည်း ပထမအဆင့်အဖြစ် ပြည်တွင်းနေ နိုင်ငံခြားသားများကိုသာ စတင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ နိုင်ငံခြားသားရှယ်ယာဝယ်ယူခွင့်နှင့် ပတ်သက်ပြီး ရန်ကုန်စတော့အိတ်ချိန်း (YSX)၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများ (Securities)၊ စာရင်းဝင်ကုမ္ပဏီများ၏ သဘောထားမှတ်ချက်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံသို့ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“အကုန်လုံးနီးပါးကတော့ ပြင်ဆင်ထားတာက အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်ရက်ဘယ်တော့ဆိုတာကို အတိအကျမပြောချင်သေးဘူး။ သိပ်လည်းမကြာတော့ပါဘူး။ ကျွန်တော်တို့လည်း အမြန်ဆုံးခွင့်ပြုဖို့ လုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့်ကို အဆင့်လိုက်ခွင့်ပြုပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများအပြင် နိုင်ငံခြားအများပိုင်ကုမ္ပဏီများလည်း ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ထံမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ ရှယ်ယာအရောင်းအဝယ် လုပ်ဆောင်နိုင်လာမည်ဆိုပါက ဈေးကွက်အရောင်းအဝယ်များ ပိုမိုသွက်လာမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

“ဒါဖြစ်လာရင်တော့ ဈေးကွက်က ပိုကောင်းလာမှာပေါ့ ။ သိပ်မကြာခင်မှာတော့ ဖြစ်တော့မှာပါ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် စတင်အသက်ဝင်နေပြီဖြစ်သော မြန်မာကုမ္ပဏီများ အက်ဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းပါဝင်သည့်တိုင် ပြည်တွင်းကုမ္ပဏီအဖြစ် သတ်မှတ်မည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားသားများကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ ထုတ်ဝေပြီး ရှယ်ယာပမာဏ၏ ၃၅ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ပြုရန် စီစဉ်လျက်ရှိသည်။

လတ်တလောတွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီများအဖြစ် FMI ကုမ္ပဏီ၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် တယ်လီကွန်းအများပိုင်ကုမ္ပဏီ (TMH) တို့က ရှယ်ယာများအရောင်းအဝယ်လုပ်ဆောင်လျက်ရှိသည်။

J-01

ဓာတ်ပုံ-အောင်သီဟ