News

POST TYPE

NEWS

ငွေပေးချေကတ်စက်များကို YBS ယာဉ် ၂၀၀၀ တွင် ကနဦးတပ်မည်
16-Jan-2019



ရန်ကုန်၊ဇန်န၀ါရီ ၁၆

ယာဉ်စီးခငွေပေးချေကတ် YPS စနစ်သုံး စက်များကို ၆ လအတွင်း YBS ယာဉ်စီးရေ ၂၀၀၀ တွင် ကနဦး တပ်ဆင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှသိရသည်။

“၆ လအတွင်းမှာ ကတ်စနစ်ကို စတင်ကျင့်သုံးမယ်။ ၉ လကျော်ရင် ကိုယ်စီးနိုင်သလောက်ကို ငွေပေးချေရတဲ့ စနစ်ကိုပြောင်းလဲနိုင်ဖို့ ဆောင်ရွက်မယ်။ တစ်နှစ်ကျော်မှာ ကတ်တိုင်းကတ်တိုင်းဒီစက်မှာ ဖြတ်နိုင်ဖို့ ကြိုးစားသွားမယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် Yangon Payment Services Co.,Ltd နှင့် Asia Starmer Transport Intelligence (ASTI) Co., Ltd တို့အကြား Master Agreement ကို မကြာမီ လက်မှတ်ထိုးမည်ဖြစ်ပြီး လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ၉ လအတွင်း လိုအပ်သော စက်ကိရိယာများကို ကားအစီးရေ ၄၀၀၀ တွင် တပ်ဆင်မည်ဖြစ်သည်။

သို့ရာတွင် ကနဦးတပ်ဆင်မည့်အစီးရေ ၂၀၀၀ တွင် YPS ကဒ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ၆ လအတွင်း ပြည်သူအများ စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ကတ်စနစ်အတွက် လိုအပ်သောစက်ကိရိယာများကို တပ်ဆင်ရာတွင် ယာဉ်အခြေအနေကြံ့ခိုင်မှုရှိသော ဘတ်စ်ကားများကို ဦးစားပေး တပ်ဆင်သွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

ယာဉ်လိုင်းများတွင် စတင်သုံးစွဲနိုင်မည့် YPS ကဒ်များကို ဘတ်စ်ကားမှတ်တိုင်ဘေးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

J-10