News

POST TYPE

NEWS

စီး/ကူး အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းရာထူးမှ ထုတ်ပယ်ခံရ
16-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်တာဝန် ထမ်းဆောင်နေသော ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ရာထူးမှ ထုတ်ပယ်လိုက်သည်ဟုသာ ဖော်ပြထားပြီး တာဝန်မှ ရပ်ဆိုင်းရသည့် အကြောင်းအရာကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စများ၊ ပြည်ပသို့ ကျွဲနွားတင်ပို့မှုနှင့် Re-export သကြားတင်ပို့ခြင်းကိစ္စများတွင် လုပ်ထုံးလုပ်နည်းအမှားယွင်းများကြောင့် စီး/ကူးအမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ကရပ်ဆိုင်းလိုက်ကြောင်း ယင်းဝန်ကြီးဌာနနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ 

“ဝန်ကြီးဌာနမှာ တစ်ခုခုအတိမ်းအစောင်း၊ အမှားအယွင်းဖြစ်ရင် တာဝန်အရှိဆုံးကသူဖြစ်နေတာကို ဝန်ကြီး၊ ဒုဝန်ကြီးပြီးရင် တတိယအကြီးဆုံးဆိုတော့ သူ့မှာတာဝန်အရှိဆုံးလိုဖြစ်သွားတာပေါ့။ အဲ့တော့ တာဝန်ယူလိုက်ရတယ် တာဝန်ခံလိုက်ရတယ် သဘောမျိုးပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စီး/ကူးဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုမည့်သည်ကိစ္စကြောင့် တာဝန်မှ ရပ်နားခံခဲ့ရသည့်ကို မေးမြန်းရန်အတွက် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူများမှာ အစည်းအဝေးတက်ရောက်နေခြင်းကြောင့် ဆက်သွယ်မေးမြန်းခွင့်မရရှိခဲ့ပေ။

အဆိုပါ တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသည့် အမြဲတမ်းအတွင်း ဦးရန်နိုင်ထွန်းသည် အမြဲတမ်းအတွင်းဝန် ရာထူးတာဝန် ထမ်းဆောင်နေသူကရာထူးမှ အငြိမ်းစားယူလိုက်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းကမှ ညွှန်ကြားရေးမှူးချုပ် ရာထူးမှ အမြဲတမ်းအတွင်းဝန်ရာထူးသို့ ပြောင်းလဲတာဝန်ထမ်းခဲ့သူဖြစ်သည်။

J-01၊ J-13 


  • VIA