News

POST TYPE

NEWS

ဂါဘွန်နိုင်ငံမှ မအောင်မြင်သော အာဏာသိမ်းမှု
10-Jan-2019

ကျော်ဗလ

အာဖရိကတိုက်အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သော ဂါဘွန်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၏ နှစ်ကူးကာလ၌ ထူးထူးခြားခြား အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလ ၇ ရက်နေ့က ဂါဘွန်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားသည်။ နိုင်ငံတော်ပိုင် အသံလွှင့်ရုံကို စစ်တပ်ကဝင်စီးရာတွင် ၂ ဦးသေပြီး ၇ ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော် ဂါဘွန်နိုင်ငံကို အုပ်စိုးခဲ့သည့် သမ္မတအလီ ဘွန်ဂို၏ ဆွေစဉ်မျိုးဆက်အုပ်ချုပ်မှုစနစ်သည် နိဂုံးချုပ်သွားခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဂါဘွန်နိုင်ငံ၏မြို့တော် လစ်ဘရာဗီးလ်ရှိ နိုင်ငံတော်ပိုင် အသံလွှင့်ရုံကို သိမ်းပိုက်ရာတွင် အကျ အဆုံး အဖမ်းအဆီးများရှိခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဘာထရန် မာပန်ဂိုကပြောကြားသည်။ ပထမ အသံလွှင့်ပြောကြားချက်တွင် သမ္မတဘွန်ဂိုသည် အစိုးရအဖွဲ့တွင် ဦးစီးဦးဆောင်နိုင်စွမ်းများ မရှိတော့သောကြောင့် တာဝန်မှ အနားပေးလိုက်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အသက် ၅၉ နှစ်အရွယ် လက်ရှိသမ္မတသည် အောက်တိုဘာလက ဆော်ဒီ အာရေးဗီးယားနိုင်ငံသို့သွားစဉ် လေဖြတ်ထားသဖြင့် မော်ရိုကိုနိုင်ငံ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက ဆေးကုသမှုခံယူနေသူဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သူ့ရုပ်သွင်ကို ရုပ်သံလိုင်းပေါ်တွင် တစ်ကြိမ်တွေ့လိုက်ကြရသေးသည်။ ထိုနေ့က ပြည်သူတွေကို ပြောသည့်မိန့်ခွန်းတွင် စကားလုံးတွေကဗလုံးဗထွေးဖြစ်နေသည်။ သူ့ညာလက်ကလည်း မလှုပ်နိုင်၊ လမ်းပင်ကောင်းစွာလျှောက် နိုင်ဟန်မရှိပေ။

ဇန်နဝါရီလ ၇ ရက်နေ့က ဗိုလ်ကြီး ကယ်လီအွန်ဒိုအိုဘိုင်းကိုယ်တိုင် အသံလွှင့်ဌာနကတစ်ဆင့် မိန့်ခွန်းပြောသည်။ သူက သူ့ကိုယ်သူ သမ္မတအစောင့်တပ်အရာရှိတစ်ဦးဖြစ်ကြောင်း မိတ်ဆက်သည်။ သူက ဘွန်ဂို၏ နှစ်သစ်ကူးနေ့ မိန့်ခွန်းကိုထောက်ပြသည်။ သမ္မတအနေနှင့် အစိုးရအဖွဲ့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် အနေအထားတွင် မရှိသောကြောင့် အာဏာသိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။

အသံလွှင့်ဌာနကထုတ်ပြန်သည့် ဗီဒီယိုရိုက်ချက်သည် ဆိုရှယ်မီဒီယာများပေါ်တွင်လည်း ပျံ့နှံ့သွားသည်။ အွန်ဒိုသည် စစ်တပ်၏ တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ထားပြီး စစ်တပ်ဘယ်ရီ ဦးထုပ်စိမ်းကို ဆောင်းထားသည်။ သူက ရေးထားသည့်စာတွေကို ဖတ်ပြနေသည်။ သူ့နောက်တွင် လက်နက်ကိုင် စစ်သားနှစ်ဦးက အသင့်အနေအထားဖြင့် စောင့်နေကြသည်။

အွန်ဒိုက အာဏာသိမ်းမှုကို “ဂါဘွန်မျိုးချစ်အဖွဲ့”က လုပ်ဆောင်ခြင်းဖြစ်ပြီး “ဒီမိုကရေစီကို ဖော်ဆောင်ပေးမည်”ဟု ကတိပေးပြောကြားသွားခဲ့သည်။ အာဖရိကအနောက်ပိုင်း ရေနံဖြင့် ချမ်းသာကြွယ်ဝသော နိုင်ငံတစ်နိုင်ငံတွင် သားစဉ်မြေးဆက် အာဏာသိမ်းပိုက်ခဲ့သော ဘွန်ဂိုမျိုးဆက်လက်အောက်မှ လွတ်မြောက်စေပြီး စစ်တပ်က အာဏာသိမ်းသူက ဒီမိုကရေစီပေးမည်ဆိုခြင်းမှာ ထူးဆန်းလှသည်။

အသံလွှင့်ရုံ အပြင်ဘက်တွင် စစ်တပ်က အာဏာသိမ်းခြင်းကို ထောက်ခံသည့်အနေနှင့် လူပေါင်း ၃၀၀ ခန့် စုဝေးနေကြသည်။ သို့သော် သစ္စာခံအစောင့်တပ်များ ရောက်လာသည့်အခါတွင် လူအုပ်ကြီးလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြန်သည်။

နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက အသံလွှင့်ရုံကို အလုံးအရင်းနှင့် ဝင်တိုက်သည်။ သူပုန်အာဏာသိမ်းခေါင်းဆောင်ကို ဖမ်းမိသည်ဟုဆိုသည်။ အာဏာသိမ်းတပ်ဖွဲ့မှ နှစ်ဦးကို အသေပစ်သတ်လိုက်သည်။ သတင်းထောက်များနှင့် အသံလွှင့်ရုံမှ ပညာရှင်များကို လွှတ်ပေးလိုက်သည်။ အသံလွှင့်ရုံမှ ပညာရှင်များက သူပုန်အာဏာသိမ်းခေါင်းဆောင်အဖွဲ့ ဝင်လာစဉ်က ကြောက်ကြောက်နှင့် အသံလွှင့်နိုင်ရေးကို အကူအညီ ပေးလိုက်ရသေးသည်။ သို့သော် အစိုးရက အခြေအနေကို ထိန်းသိမ်းနိုင်လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

“အစိုးရက တိုင်းပြည်ကို ပြန်လည် ထိန်းသိမ်းစောင့်ရှောက်လိုက်ပြီဖြစ်ပါသည်။ အားလုံး ပုံမှန်အတိုင်း နေထိုင်ကြစေလိုသည်ဟု အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာခဲ့သည်။

ဂါဘွန်တွင် ကမ်းခြေတစ်ဝိုက် ညမထွက်ရအမိန့်ကို ချက်ချင်းထုတ်ပြန်လိုက်သည်။ အင်တာနက်များကိုလည်း ဖြတ်တောက်လိုက်ကြောင်း ဒေသခံများက ပြောကြားကြသည်။ စစ်တပ်မှ သံချပ်ကာကားများနှင့် စစ်သားများသည် မြို့ပြလမ်းများပေါ်တွင် ကင်းလှည့်နေကြသည်။ အာဏာသိမ်းသည်ဆိုသည့်သတင်းမှာ တစ်နိုင်ငံလုံးတွင်ပျံ့နှံ့သွားပြီး ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့မှုများဖြစ်ခဲ့ကြရသည်။

“လူတွေ ထိတ်လန့်ကုန်တယ်။ စစ်သားတွေက လမ်းတွေပေါ်မှာတွေ့သမျှ လူငယ်တွေကို အာဏာသိမ်းတာကို ထောက်ခံသူတွေလားလို့ လိုက်မေးတယ်။ လူတွေကလည်း ခေါင်းခါကြတယ်။ သူတို့လည်း ကြောက်နေကြတာလေ”ဟု သတင်းသမားတစ်ဦးကပြောသည်။

ကင်ညာအခြေစိုက် လုံခြုံရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သူ မီဟာရီ မာရူးက ယခုလို အာဏာသိမ်းမှုမျိုး ပေါ်ပေါက်လာသည်ကို ကြည့်ခြင်းအားဖြင့် ဘွန်ဂိုမိသားစုအပေါ်တွင် မကျေနပ်သူများရှိနေသည်မှာထင်ရှားကြောင်း ပြောပြသည်။ ဘွန်ဂိုမိသားစုကလည်း ၁၉၆၇ ခုနှစ်ကတည်းက ရေနံကြွယ်ဝသောနိုင်ငံကို အုပ်စိုးထားသည်မှာ သားစဉ်မြေးဆက်လိုဖြစ်နေသည်။

ဘွန်ဂိုသည် ၂၀၀၉ ခုနှစ်ကတည်းက ကွယ်လွန်သွားသည့် ဖခင်အိုမာထံက သမ္မတရာထူးကို လွှဲပြောင်းယူထားသူဖြစ်သည်။ သားစဉ်မြေးဆက် အာဏာကို လွှဲပြောင်းဆက်ခံနေခြင်းကလည်း ဂါဘွန်တွင် ပြဿနာတစ်ခုအဖြစ် ရှိနေကြောင်း မီဟာရီက ထောက်ပြဝေဖန်ခဲ့သည်။

ဝေဖန်သူများက ဘွန်ဂိုမိသားစုသည် နိုင်ငံ၏ သဘာဝသယံဇာတရေနံမှ အကျိုးအမြတ်ပေါင်း များစွာကို ထုတ်ယူခံစားနေသည်ဟုဆိုသည်။ ပြည်သူတွေကို လုပ်ပိုင်ခွင့်မပေး။ သူတို့မိသားစုကသာ လုပ်ပိုင်ခွင့်အားလုံးကို လက်ဝါးကြီးအုပ်ထားသည်။ နိုင်ငံ၏ လူဦးရေ ၂ သန်းကျော်တွင် သုံးပုံတစ်ပုံခန့်မှာ ဆင်းရဲမွဲတေနေကြကြောင်း ကမ္ဘာ့ဘဏ်ကဆိုထားသည်။

ဘွန်ဂိုသည် ၂၀၁၆ ခုနှစ်တွင် လူကြိုက်နည်းသည့်ကြားက နောက်တစ်ကြိမ် ထပ်ပြီး သမ္မတအဖြစ် အရွေးခံခဲ့ရပြန်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကျင့်ပျက်ခြစားမှုများရှိနေကြောင်း စွပ်စွဲချက်များ ရှိနေသည့်ကြားက သမ္မတထပ်ဖြစ်လာခဲ့ခြင်းပင်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အားနည်းချက်များရှိနေသည်။ သမ္မတသာလျှင် အရာရာကို ချုပ်ကိုင်ထားပြီး သူပုန်ထခြင်းမှာ တရားမဝင် လုပ်ဆောင်ခြင်းဖြစ်ကာ ကြီးလေးသော ပြစ်မှုကိုကျူးလွန်ခြင်းဖြစ်သည်။

သမ္မတ အလီ ဘွန်ဂိုသည် ဖခင်ကွယ်လွန်ချိန် ၂၀၀၉ ခုနှစ်ကတည်းက အာဏာကို ချုပ်ကိုင်ကာ သမ္မတနေရာတွင် လွှမ်းမိုးထားသည်။ သူ့ဖခင်လက်ထက်ကတည်းက နိုင်ငံကို ၄၂ နှစ်တိုင် အုပ်ချုပ်သွားခဲ့သည်။ ရေနံကြွယ်ဝသောနိုင်ငံတွင် သားစဉ်မြေးဆက် စိုးမိုးထားမှုက သူတို့အတွက်လည်း အလွန်အရေးကြီးသည်။

ဘွန်ဂိုအား ၁၉၅၉ ခုနှစ်တွင် အသက် ၁၅ နှစ်အရွယ် မိခင်က မွေးဖွားသည်။ အရွယ်မရောက်သေးသည့် မိခင်က မွေးဖွားခဲ့သောကြောင့် ရောဂါထူသည်။ ငယ်စဉ်က သေးသေးလေးဖြစ်နေသော ဘွန်ဂိုသည် သူ့အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အလွန်ခက်ခဲစွာ ကြိုးပမ်းခဲ့ရသူဖြစ်သည်။ သူ့ဖခင်နှင့် မိခင်တို့သည် တရားဝင် လက်မထပ်မီကတည်းက သူ့ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ အိုမာဘွန်ဂိုသည် နိုင်ငံကို နှစ်ပေါင်း ၄၀ ကျော် အုပ်ချုပ်စဉ်ကာလကတည်းက ရေနံမှ ရရှိသော အကျိုးအမြတ်များကို လက်ဝါးကြီးအုပ်ထားခဲ့သူဖြစ်သည်။ ပြင်သစ်နိုင်ငံ ရေနံလုပ်ငန်းရှင်ကြီးများနှင့် ပေါင်းစပ်လုပ်ကိုင်ခဲ့သော ရေနံတွင်းများသည် ဖခင်နှင့် သားတို့၏ လုပ်ငန်းများနှင့်လည်း ဆက်စပ်နေသည်။ ဘွန်ဂိုနှင့် သူ့အစ်မ ပက်ကာလိုင်းတို့ကို လွှဲပြောင်းပေးအပ်ထားသည့် ကြွယ်ဝမှုများနှင့် လုပ်ပိုင်ခွင့်များကလည်း များစွာ ရှိနေသည်။

ဘွန်ဂိုသည် ငယ်စဉ်ကတည်းက ဖခင်၏ သစ္စာစောင့်သိသော တပ်ဖွဲ့ထဲတွင် အရာရှိအဖြစ် အမှုထမ်းနေသူတစ်ဦးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အာရပ်နိုင်ငံများကိုလှည့်လည်ပြီး လုပ်ငန်းများထူထောင်ခြင်း၊ ရေနံနှင့်ပတ်သက်သည့် အရောင်းအဝယ် လုပ်ငန်းများကို ချိတ်ဆက်ခြင်းတို့အား လုပ်ဆောင်နေသူဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် သူ့ကို နိုင်ငံခြားရေးဝန်ကြီး ရာထူးခန့်အပ်ခြင်းခံခဲ့ရသည်။ ထိုအချိန်က သူ့အသက် မှာ ၃၀ ခန့်သာရှိသေးသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသစ်တွင် အစိုးရအဖွဲ့ဝင်များသည် အနည်းဆုံး အသက် ၃၅ နှစ် ဖြစ်ရမည်ဟု ပါသောကြောင့် သူက နိုင်ငံခြားရေးဝန်ကြီးရာထူးက ပြန်ဆင်းပေးလိုက်ရသည်။

အစိုးရအဖွဲ့ထဲသို့ ၁၉၉၉ ခုနှစ်တွင် သူပြန်ရောက်လာသည်။ ထိုအချိန်တွင် ကာကွယ်ရေးဝန်ကြီးရာထူးဖြင့် ပြန်ရောက်လာခြင်းဖြစ်သည်။ ထိုအချိန်ကစတင်ပြီး ရွေးကောက်ပွဲတိုင်းတွင် သူ့ဖခင်အောင်နိုင်ရေးအတွက် လက်ရဲဇက်ရဲ သတ်ဖြတ်ကာ အကာအကွယ်ပေးခဲ့သည်မှာ ၂၀၀၉ ခုနှစ်အထိဖြစ်သည်။

သူသည် ဇိမ်ကျကျနေထိုင်ရသည့် အလေ့အထကို နှစ်သက်သည်။ ဇိမ်ခံကားတွေကို ထည်လဲစီးသည်။ တိုင်းပြည်ကရေနံတွေ အလျှံပယ်ထွက်ပြီး ဆင်းရဲနေသည်။ ဘွန်ဂိုကတော့ လက်ဖျားငွေသီးနေသည်။ ဖခင်ကွယ်လွန်ချိန်၌ သူ့လက်ထဲ အာဏာရောက်လာပြီး သမ္မတဖြစ်လာသည်ကလည်း မထူးဆန်းဟုဆိုရမည်။ သူက ကာကွယ်ရေးဌာနတစ်ခုလုံးကို ချုပ်ကိုင်ထားသူမဟုတ်ပါလား။ သူ့ကို အတိုက်အခံလုပ်နေသည့် PDG ပါတီရှိသည်။ သို့သော် သူမှုစရာမလိုပေ။ ၂၀၁၆ ခုနှစ်တွင် သူ့ကို ဒုတိယအကြိမ်အဖြစ် သမ္မတရာထူးကို ပြန်လည်ပေးအပ်ခြင်း ခံရပြန်သည်။ ပြိုင်ဘက်ဖြစ်သူ ယန်ပင်းကို မဲထောင်ဂဏန်းဖြင့် ကပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအတွက်လည်း ပြည်သူများသည် သွေးထွက်သံယိုမှုပေါင်းများစွာနှင့် နှိမ်နင်းခြင်းခံခဲ့ရပြန်သည်။

နိုင်ငံ၏ သမ္မတရာထူးကိုယူပြီးနောက် တိုင်းပြည်ကို ပြန်လည်တည်ဆောက်မည်၊ ပြုပြင်ပြောင်းလဲမှုများ လုပ်ပေးမည်ဆိုသည့် ကတိများကလည်း နှစ်တွေကြာလာပြီး အလကားစကားများ ဖြစ်ခဲ့ရသည်။ စီးပွားရေးကို ပြုပြင်ပြောင်းလဲရန်ဆိုကာ ပရောဂျက်ပေါင်းများစွာကို လုပ်ဆောင်သည်။ ဈေးကွက်စီးပွားရေးဆိုပြီး လမ်းဖွင့်ပေးသည်။ အာရှမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သည်။ အိုးအိမ်တိုက်တာ အဆောက်အအုံတွေကို မြို့တော် လစ်ဘရာဗီးလ်တွင် အကောင်အထည်ဖော်ခဲ့သည်။ သို့သော် ဖခင်ဖြစ်သူလမ်းစဉ်အတိုင်း လိုက်လံလုပ်ဆောင်နေခြင်းဖြစ်ပြီး အများစုမှာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို လုပ်ပိုင်ခွင့်ပေးကာ ချုပ်ကိုင်ထားသည့် စနစ်များကိုပင် ကျင့်သုံးနေသူဖြစ်ကြောင်း သံတမန်များကထောက်ပြဝေဖန်ကြသည်။

၂၀၁၁ ခုနှစ်က ဘွန်ဂိုသည် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာပြီး သမ္မတအိုဘားမားနှင့် တွေ့ဆုံခဲ့သည်။ အိမ်ဖြူတော်တွင် သူတို့နှစ်ဦး တွေ့ဆုံခဲ့ခြင်းက အငြင်းပွားဝေဖန်စရာများဖြစ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က စတန့်ထွင်ပြီး သူ့ဖခင်ပိုင်ဆိုင်ခဲ့သော ပစ္စည်းများကို မျိုးဆက်သစ် ဂါဘွန်လူငယ်များကို လှူမည်ဆိုပြီးလုပ်ခဲ့သည်။ သူက လူငယ်ပညာရေးဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က သူသည် မကျန်းမာသောကြောင့် ဆေးကုသမှု စတင်ခံယူရသည်။ သူ၏ လေဖြတ်မှုကဆိုးလာပြီး ကွယ်လွန် ပြီဆိုသည့် သတင်းများပင်ထွက်လာသည်။ ထို့ကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့က နှစ်သစ်ကူး မိန့်ခွန်းကို စကားမပီမသနှင့်ထွက်ပြောခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အာဏာသိမ်းမှုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး သစ္စာတော်ခံ သူ့တပ်များကြောင့် အာဏာသိမ်းမှုမှာ မအောင်မမြင်ဖြစ်သွားခဲ့ရသည်။

အလီဘွန်ဂိုသည် ပြင်သစ်နိုင်ငံဖွား ပထမဇနီး ဆူလ်ဗီးယားနက်မာဗယ်လင်တင်းနှင့် ၁၉၈၉ ခုနှစ်တွင် လက်ထပ်သည်။ ၁၉၉၄ ခုနှစ်တွင် ဒုတိယဇနီး အမေရိကန်သူ ကောလင်းဘွန်ဂိုနှင့် လက်ထပ်ပြန်သည်။ ၂၀၁၅ ခုနှစ်တွင် ကွာရှင်းကြပြန်သည်။ သူ့ထံတွင် သားသမီးလေးဦးရှိသည်။ သမီးတစ်ယောက်၊ သားသုံးယောက်ဖြစ်သည်။

အာဏာရှင်သည် ခုတင်ပေါ်တွင် မလှုပ်နိုင်လောက်အောင် ဖြစ်နေသော်လည်း သူပေးထားကျွေးထား၊ လေ့ကျင့်ပျိုးထောင်ပေးထားသည့် စစ်တပ်က သူ့အပေါ်တွင် သစ္စာစောင့်သိနေသမျှ အာဏာသည် တည်မြဲနေမည်ဖြစ်သည်။ အာဏာရှင်သည် အသက်ရှင်နေရန်သာလိုသည်။ သူ့ထံတွင် ငွေရှိနေသမျှ အာဏာကို ဖြန့်ကြက်နေနိုင်ပေလိမ့်မည်။

(Ref: AFP, AP, Reuters, Al Jazeera)