News

POST TYPE

NEWS

မြေမြှုပ်မိုင်း ဆက်သုံးစွဲဟု မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ဆို
20-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခနယ်မြေများတွင် မြေမြှုပ်မိုင်း အသုံးပြုမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာနေသည့် ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine and Cluster Munition Monitor) ၏ ၂၀၁၈ အစီရင်ခံစာအရ အသိရသည်။

အဆိုပါ အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းအသုံးပြုမှုသည် ရပ်တန့်သွားခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များ၌ အသစ်ထပ်မံ အသုံးပြုမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အများစုကို ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် တွေ့ရကြောင်း အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။

လက်ရှိ အစိုးရအနေနှင့် မိုင်းရှင်းလင်းရေးကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ခွင့်ပြုသင့်ပြီး အချို့ဒေသများတွင် တိုက်ပွဲများ မရှိသော်လည်း မြေမြှုပ်မိုင်းများကြောင့် ဒေသခံများ ထိခိုက်မှုများ နှစ်စဉ်တိုးမြင့်လာနေကြောင်း အစီရင်ခံထုတ်ဝေသည့် Landmine and Cluster Munition Monitor မှ သုတေသနဌာနမှူး Mr. Yeshua Moser-Puangsuwan က ပြောကြားသည်။

မြေမြှုပ်မိုင်းများ ရှင်းလင်းရေးအတွက် ငြိမ်းချမ်းရေး ရသည်အထိ စောင့်စရာမလိုဘဲ ယခင် အမည်းရောင်နယ်မြေများဖြစ်ပြီး ယခုတိုက်ပွဲများ ဆက်မဖြစ်ပွားတော့သည့်ဒေသများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စတင်သင့်ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံကို ကမ္ဘာတစ်ဝန်းလုံးရှိ မြေမြှုပ်မိုင်းသုံးစွဲမှု အမြင့်မားဆုံး နိုင်ငံစာရင်းတွင် တတိယ အဆိုးဆုံးအဖြစ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများက သတ်မှတ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့သည် ပြည်တွင်းစစ်တစ်လျှောက် မြေမြှုပ်မိုင်း အသုံးပြုမှုများရှိခဲ့ပြီး အဆိုပါမိုင်းများကို ပြန်ရှင်းလင်းရေးအတွက် နှစ်ဖက်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ အချို့နယ်မြေဒေသများတွင် မိုင်းထောင်ထားသည့် ဧရိယာကို အတိအကျ မသိရှိနိုင်တော့သည့် အခြေအနေများရှိကြောင်း ဒေသအဆင့် အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

“နှစ်ဖက် တိုက်ခိုက်ခဲ့တဲ့ ဒေသတွေမှာ မြေပုံအညွှန်းတွေနဲ့ ပြန်တိုက်စစ် ပြီး နှစ်ဖက်လုံးကလည်း မြေမြှုပ်မိုင်းကို ဘယ်နေရာမှာ ဘယ်လိုသုံးခဲ့လဲဆိုတာ ရိုးရိုးသားသားဝန်ခံမှ မိုင်းရှင်းလင်းရေးက ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်မှာ”ဟု ၎င်းက သုံးသပ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် လက်မှတ်ထိုးထားပြီး NCA လုပ်ငန်းစဉ် တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ပါဝင်သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို နှစ်ဖက်လုံးက လုပ်ဆောင်ရခြင်း မရှိသေးပေ။

အဆိုပါ Landmine and Cluster Munition Monitor အဖွဲ့သည် မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သုတေသနလုပ်ငန်းများကို နိုင်ငံတကာတွင် ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။

J-08