News

POST TYPE

NEWS

မကွေးတိုင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်သွားမည်ဟု လူမှုရေးဝန်ကြီးပြော
04-Dec-2018
မကွေး၊ ဒီဇင်ဘာ ၃

မကွေးတိုင်းတွင် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထားပြီး ၎င်းတို့၏အခွင့်အရေးများကို အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

မကွေးတိုင်းအတွင်းရှိ မသန်စွမ်းသူများအတွက် ပညာရေးအဆင့်အတန်းမြင့်မားရေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ရေး၊ ပတ်ဝန်းကျင် အသိုက်အဝန်းတွင် ဝင်ဆံ့မှုမြှင့်တင်ရေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေးနှင့် လူမှုရေးလိုအပ်ချက်များ ဖြည့်ဆည်းထောက်ပံ့ရေးအတွက် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

ဒီဇင်ဘာ ၃ ရက်နေ့က မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မသန်စွမ်းသူများကို မစွမ်းဆောင်နိုင်သူများဖြစ်စေရန်နှင့် တန်းတူ အခွင့်အရေးမခံစားရစေရန် ကန့်သတ်ပိတ်ပင်မှုများကို ဖယ်ရှားသွားမည်ဟု ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

“မသန်စွမ်းသူတွေမှာ ထူးခြားတဲ့ စွမ်းရည်တွေနဲ့ ထိုးထွင်းဉာဏ်၊ တီထွင်ဖန်တီးမှုတွေ ရှိကြပါတယ်။ ဒီစွမ်းရည်တွေကို ဖော်ထုတ်ပြသနိုင်အောင် နယ်ပယ်အားလုံးမှာ ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ လိုပါတယ်။ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံတဲ့ ထုံးတမ်းဓလေ့တွေကို ပယ်ဖျက်ပြီး သူတို့ဘဝတွေကို မြှင့်တင်ပေးကြဖို့ ကြိုးစားသွားပါမယ်”ဟု ၎င်းက ပြောကြားသည်။

မကွေးမြို့နယ် မသန်စွမ်းသူများ အသင်းရုံးခွဲတွင် အဖွဲ့ဝင်ပေါင်း ၁၂၉ ဦးရှိပြီး တစ်တိုင်းလုံးတွင် မသန်စွမ်းသူပေါင်း ၂ သိန်းကျော်ရှိကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ (မကွေးတိုင်း) မှ ဦးဆောင်ပံ့ပိုးသူ ဦးနေစိုးလင်းက ပြောကြားသည်။

မကွေးတိုင်းအတွင်းရှိ မသန်စွမ်းသူများကို အကြောပြင်သင်တန်းများ၊ စက်ချုပ်သင်တန်းများ၊ ဆံသနှင့် အလှပြင်သင်တန်းများ သင်ကြားပေးနေပြီး ကျောင်းနေ အရွယ်ကလေးများအတွက် ပညာသင် ထောက်ပံ့စရိတ်များပေးနေကြောင်း ၎င်းကဆိုသည်။

R-23