News

POST TYPE

NEWS

သရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင် ၅ နှစ်ကျ
27-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၂၇

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသုံးစွဲမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသော သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

“မနေ့က အမိန့်ချလိုက်တာ။ မူးစိတ်ပုဒ်မ ၁၅ နဲ့ ၁၆(ဂ)။ ၁၅ က ပြစ်ဒဏ် သုံးနှစ်။ ၁၆ (ဂ) က ပြစ်ဒဏ် ငါးနှစ်။ ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းထဲ ကျခံဖို့ အမိန့်ချလိုက်တာကြောင့် ထောင်ဒဏ် ၅ နှစ်ပဲ ကျခဲ့တယ်။”ဟု ပုဇွန်တောင်မြို့နယ် တရားရုံးထံမှ သိရသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် နံနက်အစောပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ ချစ်သူမိန်းကလေး၏နေအိမ်ထံ ရောက်ရှိနေသူ သရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုပုဒ်မ ၁၉ (က) ဖြင့် စွဲချက်တင်စစ်ဆေးနေသော သရုပ်ဆောင် မိုးအောင်ရင်ကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် ယနေ့ အမိန့်မချဖြစ်ကြောင်း တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိဖြစ်သူ ဦးမိုးကျော်ထံမှ သိရသည်။

“မိုးအောင်ရင်က အချုပ်သားကနေ အကျဉ်းသား ဖြစ်သွားပြီမို့ ဒီနေ့ အမိန့် မချဖြစ်ဘူး။ ထောင်ထွက်အမိန့် ယူရမှာကြောင့် မနက်ဖန်မှပဲ ရုံးထုတ်အမိန့်ချဖြစ်မယ်”ဟု ဦးမိုးကျော်က မီဒီယာများကို ရှင်းပြသည်။

အရှေ့ပိုင်းခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)ဖြင့် စွဲချက်တင် စစ်ဆေးခံရသူ သုံးဦးမှာ သရုပ်ဆောင် မိုးအောင်ရင်၊ ဘုန်းမြင့်အောင် (ခ) ဒေးဗစ်နှင့် လူလူသန်းဦးတို့ဖြစ်ပြီး ယင်းအမှု အပြီးသတ် စီရင်ချက်အမိန့်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ချမှတ်မည်ဖြစ်သည်။

S-03