News

POST TYPE

NEWS

ခွေးချစ်သူများအသင်းနှင့် မန္တလေးစည်ပင်ပူးပေါင်းကာ ခွေးဂေဟာဖွင့်ရန်စီစဉ်
22-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၂၁

ခွေးချစ်သူများအသင်း Royal Heart နှင့်ပူးပေါင်းကာ မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာအနီးရှိ မြေအကျယ် ၅ ဧကတွင် ခွေးဂေဟာဖွင့်လှစ်ရန်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“ဒီမြေကို အခြားနည်းသုံးစွဲခွင့်လျှောက်ပြီး အဲဒီကခွင့်ပြုချက်ရတာနဲ့ ခွေးဂေဟာဆောက်မယ်။ အဲဒီမှာ မြို့ထဲမှာရှိတဲ့ ခွေးလေခွေးလွင့်တွေကိုထားမယ်”ဟု ၎င်းကပြောဆိုသည်။

တိရစ္ဆာန်ချစ်ခင်သူများက ခွေးများကို အစာကျွေးကြသော်လည်း မထိန်းသိမ်းနိုင်ခြင်း၊ မြို့တွင်း၌လည်း ခွေးလေခွေးလွင့်များရှိနေခြင်း၊ ခွေးကိုက်ခံရပါက အန္တရာယ်ကြီးမားခြင်း၊ ခွေးများကိုရှင်းလင်းရာတွင် အဆိပ်တုံးကျွေးသည့်နည်းလမ်းသည် ဘာသာရေးအရ မသင့်တော်ခြင်းတို့ကြောင့် ခွေးဂေဟာတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ခွေးဂေဟာတည်ဆောက်ရခြင်းအကြောင်းကို ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။

ယင်းခွေးဂေဟာတွင် ခွေးများကို အထီး၊ အမ ခွဲခြားထားရှိမည်ဖြစ်ကာ ခွေးချစ်သူများအသင်းက တာဝန်ယူကျွေးမွေးစောင့်ရှောက်ရမည်ဖြစ်သည်။

Royal Heart ခွေးဂေဟာသည် လက်ရှိတွင် စစ်ကိုင်းမြို့ အာလောင်ကျေးရွာတွင် ခွေးအကောင် ၆၀၀ ကျော်ကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြောင်း ယင်းဂေဟာတည်ထောင်သူ မစောသဲဦးက ပြောဆိုသည်။

“အဲလိုမျိုးဆောက်ပေးတာ ကောင်းတာပေါ့။ ကလေး(ခွေး)တွေလည်း လုံလုံခြုံခြုံဖြစ်သွားတယ်။ သက်တမ်းစေ့လည်း နေနိုင်သွားတာပေါ့”ဟု ခွေးချစ်သူများအသင်း မန္တလေး (MPBA) ကို တည်ထောင်သူ ဦးကျော်စံထူးက ပြောဆိုသည်။

မန္တလေးမြို့တွင်နေထိုင်သည့် ကဗျာဆရာတစ်ဦး၏ဇနီးသည် နိုဝင်ဘာလအတွင်းက ခွေးကိုက်ခံရပြီး အထွေထွေရောဂါကုဆေးရုံကြီး(မန္တလေး) တွင် ခွဲစိတ်ရသည်အထိ ဆေးကုသမှုခံယူခဲ့ရသည်။

M-07