News

POST TYPE

NEWS

မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်း ဝယ်ခွင့်ရသူအချို့ တိုက်ခန်းပြန်အပ်
20-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၁၉

ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတ တိုက်ခန်း ၆၇၂ ခန်းအနက် တိုက်ခန်းဝယ်ခွင့်ရသူ ၅၄ ဦးက တိုက်ခန်း များပြန်လည်အပ်နှံထားကြောင်း မန္တလေး မြို့တော်စည်ပင်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အဆိုပါတိုက်ခန်းများသည် ဩဂုတ်လအတွင်းက မဲနှိုက်ရောင်းချပေးထားသည့် တိုက်ခန်းများဖြစ်ပြီး မဲပေါက်သူများအနေနှင့် ၎င်းတို့ဝယ်ယူလိုသော အထပ်များမရသောကြောင့် ပြန်အပ်ခြင်းဖြစ်ကြောင်း စည်ပင်ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ အနေနှင့် ကနဦး ငွေသွင်းရမည့်ရက် နီးကပ်လွန်းခြင်း၊ ဘဏ်သို့ပေးသွင်းရမည့် ငွေပမာဏများခြင်း၊ အထပ်မြင့်အခန်းများ၏ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ပြန်အပ်ခြင်းဖြစ်ကြောင်း တိုက်ခန်းဝယ်ယူခွင့် ရရှိထားသည့် စက်မှု (၁) ဝန်ကြီးဌာနမှနေ၍ အငြိမ်းစား ယူခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။

“တန်ဖိုးမျှတတိုက်ခန်းတွေက အမြတ်က တအား ကောင်းတာ။ မြေညီထပ်ဆိုရင် အမြတ်ကိုက သိန်း ၁၀၀ အထက်မှာရှိတယ်။ နေရာကောင်းရင် သိန်း ၁၅၀ အထိရှိတယ်။ အမြတ်ချည်းပဲနော်။ စလစ်ကို ပြန်ဝယ်တာပေါ့။ ဘာပဲပြောပြော ဒီတိုက်ခန်းပေါက်ရင် ကိုယ်မနေတောင်မှပြန်ရောင်းရင် သိန်း သုံး၊ လေးဆယ် ပြေးမလွတ်ဘူး။ ဝန်ထမ်းတွေက ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လျှောက်တယ်။ ပြန်ရောင်းတယ်။ ကျွန်တော်ဝယ်တဲ့ဟာဆိုရင် ဝန်ထမ်းအငြိမ်းစား၊ ပိုက်ဆံချမ်းသာတယ်”ဟု တိုက်ခန်း မဲပေါက်သူထံမှ တစ်ဆင့်ပြန်ဝယ်ထားသည့် မန္တလေးမြို့ခံကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။

တိုက်ခန်းဝယ်ယူခွင့်ရရှိသော်လည်း ငွေမသွင်းဘဲ မန္တလေးမြို့တော်စည်ပင်သို့ ပြန်အပ်သည့်တိုက်ခန်း ၅၄ ခန်းရှိသကဲ့သို့ ငွေမသွင်းနိုင်ဘဲ ပြန်မအပ်သည့် တိုက်ခန်း ၅၉ ခန်းရှိနေကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါတိုက်ခန်းများကို မန္တလေးတိုင်းအတွင်းရှိ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဩဂုတ်လအတွင်းက မဲနှိုက်ရောင်းချပေးခဲ့ပြီး စက်တင်ဘာ လလယ်ပိုင်းတွင် ကနဦးငွေပေးသွင်းရကြောင်း၊ လက်ရှိတွင် အဆိုပါတိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူထံ အပ်နှံထားခြင်းမရှိသေးကြောင်း တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူအချို့ထံမှ စုံစမ်းသိရှိရသည်။

“တိုက်ခန်းပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး ငွေအကျေသွင်းတဲ့သူတွေကို စာအုပ်ထုတ်ပေးဖို့ အသင့်ဖြစ်နေပြီ။ လမ်းအသစ် ခင်းပြီးပြီ။ လမ်းဘေးမှာလည်း သစ်ပင်တွေစိုက်ပြီးနေပြီ။ ရေမြောင်းတွေလည်း လုပ်နေပြီ။ လျှပ်စစ်မီးကြိုးတွေသွယ်တာနဲ့ ရေပိုက်တွေတပ်နေတာလည်း ပြီးသလောက်ဖြစ်နေပြီ။ တိုက်ခန်းတွေ အပ်မယ်ဆို အပ်လို့ရနေပါပြီ။ သော့အပ်ဖို့ပဲ ကျန်တော့တာပါ”ဟု ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

လက်ရှိရောင်းချထားသော တိုက်ခန်းများမှာ အငြိမ်းစားဝန်ထမ်းများအတွက် ၃၀ ရာခိုင်နှုန်း၊ လုပ်သက် ၁၀ နှစ်အောက်ဝန်ထမ်းများအတွက် ၁၀ ရာခိုင်နှုန်း၊ လုပ်သက် ၁၁ နှစ်မှ ၂၅ နှစ် အတွင်း ဝန်ထမ်းများအတွက် ၂၀ ရာခိုင်နှုန်း၊ လုပ်သက် ၂၆ နှစ်အထက် ဝန်ထမ်းများကို ၄၀ ရာခိုင်နှုန်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခန်းများ၏ ဈေးနှုန်းများအနေနှင့် မြေညီထပ်တစ်ခန်းလျှင် ကျပ်သိန်း ၂၆၀၊ ပထမထပ် သိန်း ၂၄၀ ၊ ဒုတိယထပ် သိန်း ၂၂၀၊ တတိယထပ် သိန်း ၂၁၀၊ စတုတ္ထထပ် သိန်း ၂၀၀၊ ပဉ္စမထပ် သိန်း ၁၉၀ ဟု သတ်မှတ်ကာ ငွေအကြေပေးချေသည့်စနစ်နှင့် ဘဏ်ချေးငွေစနစ်တို့ဖြင့် မြို့တော်စည်ပင်က ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

M-07