News

POST TYPE

NEWS

သကြားသွင်းကုန်လိုင်စင် ထုတ်ပေးမှုရပ်
20-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၉

တရုတ်နိုင်ငံ၏ အဖမ်းအဆီးများကြောင့် သကြားတင်ပို့မှုရပ်ပြီးနောက်ပိုင်း အောက်တိုဘာလအတွင်းမှစ၍ သွင်းကုန်လိုင်စင်ထုတ်ပေးမှု ခေတ္တရပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ပြည်တွင်း သကြားဈေးကျမှာစိုးလို့ သွင်းကုန်လိုင်စင်ပါ ရပ်လိုက်ရတာပါ။ နောက်ပိုင်း အခြေအနေကိုကြည့်ပြီး ပြန်ဖွင့်ပေးမှာပါ”ဟု ယင်းဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

သွင်းကုန်လိုင်စင်သည် လုပ်ငန်းကိုအကြောင်းပြ၍ သကြားတင်သွင်းရသော်လည်း ပိုလျှံပါက ပြည်တွင်းဈေးကွက်ထဲသို့ ရောင်းချမှုများရှိသောကြောင့် ယင်းကဲ့သို့ ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ကော်ဖီမစ်တို့၊ နို့ဆီ၊ အချိုရည်ထုတ်တဲ့ကုမ္ပဏီတွေက သကြားတွေ တင်သွင်းတာရှိတယ်။ Re-export (တစ်ဆင့်ခံ တင်ပို့မှု) သကြားတွေက ပို့လို့ မရတာရယ်၊ Import (ကုမ္ပဏီများ၏ ထုတ်ကုန်အတွက် တင်သွင်းသည့်လိုင်စင်) က ပိုတဲ့သကြားတွေ ဈေးကွက်ထဲရောက်လာရင် သကြားဈေး အရမ်းကျသွားမှာစိုးလို့ အောက်တိုဘာလကစပြီး Import လိုင်စင်ကို ခဏ ရပ်ထားတာ”ဟု ၎င်းကရှင်းပြသည်။

တစ်ဆင့်ခံသကြားတင်ပို့မှုလိုင်စင် (Re-export) ကို အကန့်အသတ်ဖြင့်သာ ထုတ်ထားပြီး ယင်းလိုင်စင်ခွင့်ပြုမှုကို လည်း ဩဂုတ်လမှစတင်၍ ရပ်တန့်ထားခဲ့ ခြင်းဖြစ်သည်။

Re-export လိုင်စင်မှာ ပြည်ပမှတင်သွင်းလာပြီး မူဆယ်မှတစ်ဆင့် တရုတ်သို့ ပြန်ပို့ရန်အတွက်သာ ခွင့်ပြုသည့်လိုင်စင်ဖြစ်ပြီး ယခုထုတ်ပေးမှုရပ်လိုက်သည့် Import (တင်သွင်းမှု) လိုင်စင်မှာ ထုတ်ကုန်များထုတ်သည့်လုပ်ငန်းတွင် သုံးရန်အတွက်သာ ခွင့်ပြုသည့်လိုင်စင်ဖြစ်ကြောင်း သကြားလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ၌ မူဆယ်ဈေးကွက်တွင် သစ်သီးနှင့် နှမ်းတို့သာ အရောင်းအဝယ်ဖြစ်နေပြီး သကြား၊ ဆန်၊ ဆန်ကွဲ၊ ပဲများမှာ ဝယ်ယူသူရှိနေသော်လည်း တရုတ်အာဏာပိုင်များက ပစ္စည်းသိမ်း၊ ကုန်သည်များကို အရေးယူမည်ဟု ပြောဆိုထားသဖြင့် နယ်စပ်ကုန်သွယ်ရေးမှာ ကျဆင်းလျက်ရှိကြောင်း ကုန်သည်များက ပြောဆို ကြသည်။

ပြည်ပသို့ တင်ပို့နေသည့် သကြားဖြူ ဈေးမှာ တစ်တန်ကို ကျပ် ခြောက်သိန်းကျော်ရှိပြီး ပေါင်းသကြားမှာ ကျပ် ခုနစ်သိန်းကျော်ရှိကြောင်း၊ လတ်တလောတွင် သကြားတင်ပို့မှု ရပ်ဆိုင်းထားသဖြင့် သကြားဈေး အနည်းငယ် ကျဆင်းနေကြောင်း သကြားကုန်သည်များထံမှ သိရသည်။

“သကြားဈေးက အရင်နှစ်တွေက ထက်စာရင် ဈေးကျသွားတာ။ ဒီလိုမျိုး ကုန်သွယ်မှုက ရပ်ထားတော့ ကြံအဖွင့်ဈေးကလည်း နည်းနည်း ကျသွားတယ်”ဟု သကြားကုန်သည် ဦးဝင်ဌေးက ပြောကြားသည်။

ပြည်တွင်းရှိ ကြံစိုက်ပျိုးထုတ်လုပ်သူများ မထိခိုက်စေရန် နယ်စပ်ကုန်သွယ်ရေးကို စောင့်ကြည့်ကာ သကြားတင်သွင်း သင့် မသင့်ကို ဝန်ကြီးဌာနအနေနှင့် ဆုံးဖြတ်သင့်ကြောင်း၊ တရုတ်ကုန်သည်များက သကြားမရသည့်အတွက် ကြံများကို ဆင်းဝယ်ရန် စုံစမ်းမှုများ ဆောင်ရွက်နေကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။

တရုတ်သို့ နှစ်စဉ် သကြားတင်ပို့မှုမှာ တန်ချိန် တစ်သန်းကျော်ရှိကာ ပြည်တွင်း သကြားသုံးစွဲမှုမှာ တစ်နှစ်လျှင် တန် ၇ သိန်းကျော်ရှိပြီး သကြားစက်များ၏ ထုတ်လုပ်နိုင်မှုမှာ တန် ၅ သိန်းကျော်သာရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်း ရှင်များအသင်းထံမှ သိရသည်။

J-13