News

POST TYPE

NEWS

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်
18-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရမည်ဖြစ်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာပါကလည်း သီရိလင်္ကာသို့သာ ဝင်ရောက်မည်ဖြစ်၍ မြန်မာနိုင်ငံအနေနှင့် မုန်တိုင်းအန္တရာယ် မရှိနိုင်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“သူက နည်းနည်းမြန်တယ်။ ဖြစ်ပြီးတာနဲ့ သိပ်မကြာဘူး။ သီရိလင်္ကာကို ဝင်သွားမှာဆိုတော့ မိုးသိပ်မရနိုင်ဘူး”ဟု ၎င်းကဆိုသည်။

သို့သော် ဗီယက်နမ်တောင်ပိုင်း ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်း၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်စသည့် မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများ၌ ယခုရက်ပိုင်း မိုးအနည်းငယ် ရရှိနိုင်ပြီး အနောက်ဘက်မှ လေပွေလှိုင်းများ အရှိန်ကြောင့်လည်း မြောက်ပိုင်းဒေသအချို့တွင် မိုးရရှိနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အက်ဒမန်ပင်လယ်ပြင်အတွင်း လေထု မငြိမ်သက်မှုများကြောင့် ရန်ကုန်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ရာသီဥတု အခြေအနေ လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။ 

E-03