News

POST TYPE

NEWS

ပြင်သစ်တွင် လောင်စာဆီနှုန်း အဆမတန်တက်၍ ယာဉ်မောင်းများဆန္ဒပြရန် စီစဉ်
18-Nov-2018



ပဲရစ်၊ နိုဝင်ဘာ ၁၇ 

ပြင်သစ်နိုင်ငံတွင် လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကို မကျေနပ်သော မော်တော်ယာဉ် မောင်းများက နိုင်ငံတစ်ဝန်းတွင် လမ်းမများ၊ တံတားများနှင့် မီးပွိုင့်များကိုပိတ်ဆို့ပြီး ဆန္ဒပြရန် စီစဉ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အဝါရောင်ချိုင်းပြတ်အင်္ကျီများဟု အမည်ပေးထားသော အင်အားစုတို့က ပြင်သစ်နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၇၀၀ ကျော်ခန့်တွင် ပိတ်ဆို့ဆန္ဒပြရန် စီစဉ်ထားကြသည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် လူအနည်းငယ်ကို လျစ်လျူရှုထားသည်ဟု ၎င်းတို့က ပြောကြားကြသည်။ 

ပြင်သစ်သမ္မတ မက်ခရွန်ကိုယ်တိုင်ကလည်း ၎င်းအနေနှင့် ပြင်သစ်ပြည်သူများနှင့် ခေါင်းဆောင်များအကြား သွေးစည်းညီညွတ်မှုရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းမရှိကြောင်း ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ 

သို့သော် မိမိ၏ နိုင်ငံရေးအတိုက်အခံတို့သည် အခြေအနေအရပ်ရပ်ကို အခွင့်ကောင်းယူကာ မိမိ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သမ္မတမက်ခရွန်က စွပ်စွဲသည်။ 

ပြင်သစ်အစိုးရအရာရှိကြီးများက ယခုလို လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို မကျေနပ်၍ ဆန္ဒပြသည့်ကိစ္စကို ပိတ်ပင်မည်မဟုတ်သော်လည်း ပြင်သစ်လမ်းမကြီးများကို ပိတ်ဆို့အခွင့်ကောင်းယူမည့်ကိစ္စကိုမူ လက်ခံခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားသည်။ 

ပြင်သစ်နိုင်ငံမှ မော်တော်ကားအများစု အသုံးပြုလျက်ရှိသော ဒီဇယ်ဆီ ဈေးနှုန်းသည် ၁၂ လတာကာလအတွင်း ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ယခုအခါ တစ်လီတာလျှင် ၁ ဒသမ ၅၁ ယူရိုခန့်အထိ ရောက်ရှိလာသည်။ ယင်းပမာဏသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းအမြင့်ဆုံးပမာဏ ဖြစ်သည်ဟု AFP သတင်းဌာနကဆိုသည်။

F-01