News

POST TYPE

NEWS

စစ်တွေ ပေါက်ကွဲမှုကြောင့် အဖမ်းခံထားရသူ ၂ ဦးအနက် တစ်ဦးကို ထောင် နှစ် ၃၀ ချ
17-Nov-2018



စစ်တွေ၊ နိုဝင်ဘာ ၁၇

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး(ဟောင်း)နေအိမ်၊ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့နှင့် ပြည်နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့တို့၌ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ချိန်ကိုက်မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံထားရသူ နှစ်ဦးအနက် တစ်ဦးကိုထောင် နှစ် ၃၀ ချမှတ်လိုက်ပြီး ကျန်တစ်ဦးကို တရားရုံးက အပြီးပြတ်လွှတ်ပေးလိုက်သည်။

နှစ် ၃၀ ချမှတ်ခံရသည့် ဦးအေးဝင်းနှင့် အပြီးအပြတ်လွှတ်ပေးခံရသော ဦးမောင်ဦးမြင့်တို့နှစ်ဦးကို နိုဝင်ဘာလ ၁၆ ရက်တွင် စစ်တွေခရိုင်တရားရုံးက ထိုသို့အမိန့်ချလိုက်ခြင်းဖြစ်သည်။

“တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်သူက ဒါလုပ်လိုက်ဆိုရင် ဒါလုပ်ပေးတယ်။ ထောင်ထဲမှာ ၁ ရက်နေ့ဖို့တောင် လွယ်တာမဟုတ်ဘူး။ တစ်စုံတစ်ခုမှာ ကျွန်တော်ပါဝင်မိခဲ့တယ်ဆိုရင် ကျွန်တော့်ကို နှစ်၃၀ မပြောနဲ့ တစ်သက်ချလိုက်။ အခု တစ်ခုမှာမှပါခဲ့ဘူး။ အခုကျွန်တော့်ကို ဘာသက်သေမှ မပြဘဲချလိုက်တယ် ”ဟု ဦးအေးဝင်းက ပြောသည်။ 

ဦးအေးဝင်းကို အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၀ (က)/(ဈ) တို့ဖြင့် ပေါက်ကွဲမှု သုံးနေရာအတွက် သုံးမှုစွဲဆိုပြီး တစ်မှုလျှင် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ ဦးမောင်ဦးမြင့်ကိုမူ ပုဒ်မ ၅၀(က) တစ်မှုတည်းဖြင့် စွဲချက်တင်လိုက်ပြီး အပြီးသတ်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ အမှုတွင် တရားလိုပြ သက်သေ ၆၀ ကျော်ပါဝင်၍ စစ်ဆေးရာ မျက်မြင်သက်သေတစ်ဦးတစ်ယောက်မှမရှိကြောင်း ဦအေးဝင်းအတွက် ဆက်လက်၍ အယူခံဝင်သွားမည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့ ဒေါ်အေးနုစိန်ထံမှ သိရသည်။

ယင်းပေါက်ကွဲမှုဖြင့် သံသရှိသူများ ချုပ်ရမန် နှစ်ကြိမ်ယူစစ်ဆေးခဲ့ပြီး တရားရုံးက ထပ်မံ၍ ချုပ်ရမန်မပေးသဖြင့် အာမခံဖြင့်လွှတ်ပေးလိုက်သော်လည်း အချို့ကိုသာလွှတ်ပေးပြီး ၄င်းတို့ နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားပြီး မြောက်ဦးမြို့နယ်တွင် ၂၀၁၇ ခုနှစ်က ပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်နွယ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်တရားရုံးမှ ချုပ်ရမန် နှစ်ပတ်ယူပြီး စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးထားခဲ့ပြီးနောက် စစ်တွေပေါက်ကွဲမှုဖြင့် ပြန်လည်ကာ စွဲဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ပထမအကြိမ်လွှတ်ပေးပြီးပြီ။ ဒါပေမဲ့ မလွှတ်ပေးဘဲ မြောက်ဦးတရားရုံးခေါ်သွားတယ်။ အဲဒီကလည်းလွှတ်ပေးလိုက်ပြီ၊ အခုဒီမှာ သုံးမှုနဲ့ ပြန်ချတယ်။ ပြည်သူက ယုံကြည်လေးစားလောက်တဲ့ ဥပဒေလုံးဝမရှိဘူး” ဟု ဦးအေးဝင်းက ဆိုသည်။

အလားတူ မိုင်းပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရသော ဦးကိုသန်းရွှေနှင့် ဦးမောင်မြင့်ကြည့်တို့နှစ်ဦးမှာ ပေါက်ကွဲမှုနှင့် တစ်စုံတရာပတ်သက်ဆက်နွှယ်ကြောင်း ပေါ်ပေါက်ခြင်းမရှိ၍ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) ဖြင့် သြဂုတ်လ ၁၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင် ၆ လ ချမှတ်ခဲ့သည်။

R-22