News

POST TYPE

NEWS

ဘိလပ်မြေစက်ရုံကြောင့် အတ္ထရံမြစ်နှင့်ပျားတောင်ဒေသ သဘာဝပတ်ဝန်းကျင်သယံဇာတပျက်စီးမှု အစီရင်ခံစာ မိတ်ဆက်
16-Nov-2018



မော်လမြိုင်၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် MCL ကုမ္ပဏီက တည်ဆောက်လည်ပတ်နေသည့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကြောင့် အတ္ထရံမြစ် ကြောင်းတစ်လျှောက်နှင့် ပျားတောင်ဒေသရှိ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများပျက်စီးနေသည့် အခြေအနေနှင့်ပတ်သက်သည့် အစီရင်ခံစာကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် မိတ်ဆက်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ထိုအစီရင်ခံစာကို မိတ်ဆက်ထုတ် ပြန်ရခြင်းမှာ အဆိုပါဒေသရှိ ဒေသခံများအနေနှင့် ၎င်းတို့၏ဒေသ မည်မျှတန်ဖိုး ရှိကြောင်း၊ ၎င်းတို့၏ တစ်နှစ်ဝင်ငွေမည်မျှ ရှိမည်၊ စက်ရုံမှ တစ်နှစ်ဝင်ငွေ၏ ၂ ရာခိုင် နှုန်း ထောက်ပံ့ခြင်းသည် ပျက်စီးမှုနှင့် မမျှတမှုဖြစ်နေခြင်း၊ ဒေသခံအနေနှင့် ၎င်းတို့ဒေသတွင် မည်သည့်သယံဇာတ များရှိသည်ကို သိရှိသွားမည်ဖြစ်ကြောင်း အချက်အလက်စုဆောင်းရေးတာဝန်ခံ နိုင်ပျူဟာမွန်က ပြောကြားသည်။

“ဒီအစီရင်ခံစာမှာဆိုရင် အဓိကတွေ့ရှိချက် ရှစ်ချက်ရှိတယ်၊ အဓိကတော့ တောင်ပေါ်မှာရှိတဲ့ သစ်၊ ဝါး၊ သစ်ဥ၊ သစ်ဖုတွေရှိတယ်၊ တောင်ထဲမှာ ဂူတွေလည်းရှိတယ်၊ ရှေးဟောင်းသမိုင်းဝင်ဂူတွေ ရှိနေတယ်၊ ဂူ ၂၀ လောက်ရှိတယ်၊ လယ်ယာမြေတွေလည်းရှိတယ်၊ ဥယျာဉ်ခြံမြေတွေလည်းရှိတယ်၊ ဒါပေမဲ့ တချို့ကတော့ ပျက်စီးကုန်ပါပြီ၊ မြေပိုင်ဆိုင်မှုပြဿနာတွေကလည်း ရှိနေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

အတ္ထရံမြစ်နှင့် တောတောင်ရေ မြေများကို အမှီပြုနေသည့် ဒေသခံများ အနေနှင့် အချို့မှာ လယ်ယာမြေ ပျက်စီးမှုကြောင့် လုပ်ကိုင်စားသောက်၍ မရတော့ကြောင်း၊ ရေလုပ်သားများအနေနှင့်လည်း သင်္ဘောများ နေ့စဉ်ဝင်ရောက်မှုကြောင့် ငါးများရှားပါးလာသည့်အတွက် အလုပ်အကိုင်အဆင်မပြေတော့ကြောင်း၊ ဂူများသည် အတ္ထရံမြစ်မှ ငါးများခိုအောင်သည့်နေရာ များဖြစ်ရာ ဂူများပျက်စီးပါက ငါးများ အတွက် အန္တရာယ်ရှိနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ဟိုတုန်းက သားငါးတွေက အများကြီးရတယ်၊ ဒီနောက်ပိုင်း သားငါးမရတော့ဘူး၊ အတ္ထရံမြစ်ကမ်းနဖူးမှာရှိတဲ့ ရွာတွေကလည်း သင်္ဘောတွေသွားတော့ ရေလှိုင်းကြီးတွေဖြစ်တယ်၊ အဲဒီလှိုင်းတွေကြောင့် ကမ်းတွေတိုက်စားပြီး အိမ်တွေပြိုတယ်၊ ချထားတဲ့ ငါးဖမ်းပိုက်တွေ သင်္ဘောတွေနဲ့ချိတ်ပါပြီး ပျက်စီးတာတွေ လျော်ကြေးရဖို့ အကြိမ်ကြိမ်သွားနေရတော့ စိတ်မရှည်တော့ဘူးပေါ့၊ သင်္ဘောနဲ့ချိတ်မိလို့ လှေမှောက်ပြီး လူသေတာလည်းရှိတယ်”ဟု ပျားတောင်ဒေသ မယ်ကရိုကျေးရွာမှ လူမှုဖွံ့ဖြိုးရေးအဖွဲ့ဝင် နိုင်ထွန်းကြည်က ပြောဆိုသည်။

အတ္ထရံမြစ်ဝမှ ပျားတောင် ဘိလပ်မြေစက်ရုံတည်ရှိသည့်နေရာအထိ ကျေးရွာပေါင်း ၁၅ ရွာနှင့် ရပ်ကွက် ၂ ခု ရှိရာ ထိုကျေးရွာများရှိ ဒေသခံများသည် အတ္ထရံမြစ်ရေကိုသာ အဓိကထားအသုံးပြုကြကြောင်း၊ ယခုအချိန်တွင် သင်္ဘောကြီးများသွားလာမှုကြောင့် ရေအသုံးပြုရန် အဆင်မပြေတော့သည့် အနေအထားတွင်ရှိနေကြောင်း ၎င်းကရှင်းပြသည်။

အတ္ထရံမြစ်မှသည် ပျားတောင်ဆီသို့ အစီရင်ခံစာကို ဒေသခံပျားတောင် ဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် မွန်လူ့အခွင့် အရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ အချိန် ၁၈ လကြာ စစ်တမ်းများကောက်ယူပြုစုထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

R-21