News

POST TYPE

NEWS

အာဆီယံသည် အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့ တိုးတက်လာခြင်းနှင့်အတူ အချိန်ကာလ၏စမ်းသပ်မှုကို ရင်ဆိုင်ရပ်တည်ခဲ့သည်ဟု လီရှန်လွန်းပြောကြား
16-Nov-2018



စင်ကာပူ၊ နိုဝင်ဘာ ၁၅

အာဆီယံသည်အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်လာခြင်းနှင့်အတူ ကွဲပြားစုံလင်မှုကို ခွန်အားတစ်ရပ်အနေနှင့် အားပေးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်ဟု CAN သတင်းတွင် ဖော်ပြထားသည်။

၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနေစဉ် ညစာစားပွဲတစ်ခုတွင် လီရှန်လွန်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး အာဆီယံသည် ချစ်ကြည်ရင်းနှီးမှုနှင့် အသိုင်းအဝိုင်းအင်အား ကောင်းလာသည် နှင့်အမျှ အချိန်ကာလ၏စမ်းသပ်မှုကို ရင်ဆိုင်ရပ်တည်နိုင်ခဲ့သည်ဟု ပြောဆို ခဲ့သည်။

“ကျွန်တော်တို့ဟာ လာမယ့်မျိုးဆက် တွေအတွက်ပါ ပိုမိုစုစည်းတဲ့၊ ခံနိုင်ရည်ရှိတဲ့၊ ဆန်းသစ်တဲ့ အာဆီယံဖြစ်လာအောင် ရေခံမြေခံကို ချပေးနိုင်ခဲ့ပါတယ်”ဟု လီကဆိုသည်။

စင်ကာပူတွင်ကျင်းပနေသော အာဆီယံထိပ်သီးညီလာခံသို့ အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များနှင့် အခြား ကမ္ဘာ့ခေါင်းဆောင်အချို့ တက်ရောက်လျက်ရှိပြီး ကြာသပတေးနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ကြာသပတေးနေ့ပိတ်ပွဲအခမ်းအနားတွင် အလှည့်ကျဥက္ကဋ္ဌနေရာကို စင်ကာပူက ထိုင်းနိုင်ငံသို့လွှဲပြောင်းပေးမည်ဖြစ်သည်။

အာဆီယံသည်ကျွမ်းကျင်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုအသီး သီးကွဲပြားကြသော လူသန်းပေါင်း ၆၃၀ နေထိုင်ကြသော အသိုင်းအဝိုင်းတစ်ခုဖြစ်သည်ဟု လီကပြောကြားသည်။

အာဆီယံသည်အသိုင်းအဝိုင်း တစ်ခုလုံးကို အားကောင်းစေပြီးပြည်သူများအတွက် အကျိုးရှိစေမည့်အရေးကြီးသောအရာများကို စီစဉ်ရေးဆွဲရန်နှင့် ထုတ်ပြန်ရန်အတွက် အစည်းအဝေးများ၊ ဆွေးနွေးပွဲများဖြင့် တစ်နှစ်ပတ်လုံးအလုပ် များခဲ့သည်ဟုလည်း လီရှန်လွန်းက ပြောကြားသည်။

“ဒီလို ထုတ်ပြန်ပေးနိုင်ခဲ့တဲ့စာရင်းကို ပြန်ကြည့်တဲ့အခါ ကျွန်တော်တို့ လုပ်နိုင် တာထက်ကို ပိုမိုသာလွန်ခဲ့တယ်လို့ထင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံးရဲ့ ပူးပေါင်းအားထုတ်မှုမရှိရင် ဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး”ဟု လီကမှတ်ချက်ပေးသည်။

အာဆီယံခေါင်းဆောင်များသည် တစ်နှစ်တာအတွင်း ထိပ်သီးညီလာခံနှင့်ဆက်စပ်အစည်းအဝေး အမျိုးမျိုးတွင် ခြောက်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပြီးတစ်ဦးနှင့်တစ်ဦး သိသိသာသာ ပိုမိုရင်းနှီးလာခဲ့ကြသည်ဟု လီရှန်လွန်းက ပြောကြားသည်။ ထို့ပြင် အာဆီယံပြင်ပမှ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် အမှတ်ရစရာများတိုးပွားအောင် တည်ဆောက်နိုင်ခဲ့သည်ဟု လီက ပြောကြားသွားသည်။

F-04