News

POST TYPE

NEWS

မြန်မာဘက်မပြန်လို၍ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်များ ဆန္ဒပြ၊ ပြန်ပို့ရေးအစီအစဉ် ရွှေ့ဆိုင်း
16-Nov-2018



ကော့ဘဇား၊ နိုဝင်ဘာ ၁၅

ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေကြသော ဘင်္ဂါလီ (၎င်းတို့ အသိုင်းအဝိုင်းနှင့် နိုင်ငံတကာအခေါ် ရိုဟင်ဂျာ) ဒုက္ခသည် များက မြန်မာနိုင်ငံသို့ ပြန်ပို့မည့် အစီအစဉ်အပေါ် ကန့်ကွက်ဆန္ဒပြကြ၍ ပြန်လည်ပို့ဆောင်နေရာချမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ 

မြန်မာအစိုးရနှင့် သဘောတူညီထားသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်ပို့ပေးမည့် အစီအစဉ် ပထမအသုတ်ကို ကြာသပတေးနေ့တွင် ဆောင်ရွက်ကြမည်ဖြစ်သော်လည်း ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ 

ပြန်ပို့မည့် အစီအစဉ်ကို ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီနှင့် အကူအညီပေး ရေးအစုအဖွဲ့များက ကန့်ကွက်ခဲ့ကြပြီး ရိုဟင်ဂျာများ၏ မြန်မာဘက်ခြမ်း လုံခြုံရေးအခြေအနေကို စိုးရိမ်နေကြသည်။ 

မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း အူချီပရန်းဒုက္ခသည်စခန်း အနီးတွင် ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာက “ကျွန်တော်တို့ မသွားနိုင်ဘူး” ဟု ဟစ်အော်ခဲ့ကြသည်။ 

“မိမိတို့ တရားမျှတမှု လိုလားသည်၊ နိုင်ငံသားဖြစ်ခွင့်မရဘဲ မြန်မာပြည်ကိုမပြန်ဘူး” ဆိုသည့် စာသားများကိုလည်း အချို့သော ဒုက္ခသည်များက ကိုင်ဆောင်ထားကြသည်။ 

ပြီးခဲ့သည့်နှစ်က ရိုဟင်ဂျာသူပုန်ထကြွမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအသတ်ခံလိုက်ရပြီးနောက်တွင် တပ်မတော်က နယ်မြေရှင်းလင်းခဲ့ပြီး ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်ထွက်ပြေးသွားခဲ့သည်ဟု ကုလသမဂ္ဂအေဂျင်စီများက ဆိုသည်။ 

ကုလသမဂ္ဂအသိအမှတ်ပြု စုံစမ်းစစ်ဆေးသူများက မြန်မာစစ်တပ်သည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။ 

မြန်မာဘက်က အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ထားပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများကို တန်ပြန်စစ်ဆင်ရေးပြုခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုထားသည်။ 

ပထမအသုတ်အဖြစ် ဒုက္ခသည် ၂၂၀၀ ကို စေလွှတ်ရန် ကြာသပတေးနေ့က အချိန်ကျခဲ့ပြီး လက်ခံရန် အဆင်သင့်ရှိသည်ဟု မြန်မာအရာရှိများက ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်ဘက်ကမူ မပြန်လိုသည့် ဒုက္ခသည်များကို အတင်းပြန်လွှတ်မည်မဟုတ်ဟု ပြောထားပြီး စာရင်းပါ ပြည်သူများ အမှန်တကယ် ပြန်လိုခြင်း ရှိမရှိကို UNHCR အား မေးမြန်းမည်ဟု ဆိုထားသည်။

F-02