News

POST TYPE

NEWS

ပလက်ဝမြို့နယ် ပါရာကျေးရွာ စာသင်ကျောင်းဆောင်ပျက်စီး၍ လူနေအိမ်များ၌ စာသင်နေရ
15-Nov-2018


ကလေး၊ နိုဝင်ဘာ ၁၅

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ပါရာကျေးရွာ အလယ်တန်းကျောင်းရှိ စာသင်ကျောင်းဆောင် ပျက်စီးနေသဖြင့် ရွာရှိနေအိမ်များနှင့် နှစ်တစ်ရာပြည့် အဆောက်အအုံတို့၌ ပြောင်းရွှေ့ စာသင်နေရကြောင်း ပါရာကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဌေးကြည်က ပြောကြားသည်။

ပါရာကျေးရွာသည် ပလက်ဝမြို့မှ မိုင် ၁၀ဝ ခန့်ကွာဝေးပြီး စက်လှေဖြင့် နှစ်ရက် ခြေလျင်ဖြင့် နှစ်ရက် စုစုပေါင်း လေးရက်ကြာ သွားရောက်ရသည့်ကျေးရွာလည်းဖြစ်ပြီး ယင်းကျေးရွာစာသင်ကျောင်းမှာ အလယ်တန်းကျောင်းအဖြစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ အဆင့်တိုးမြှင့်သတ်မှတ်ခံခဲ့ရသည်။

“ဆရာအင်အားလည်း မပြည့်ဘူး။ စာသင်ဆောင်ကလည်း ပျက်စီးနေလို့ ကလေးတွေကို လူနေအိမ်တွေမှာ သင်ကြားနေရတယ်။ ကလေးတွေက တာဝန်အရ ကျောင်းတက်နေရသလို ဖြစ်နေတယ်”ဟု ဦးဌေးကြည်က ပြောဆိုသည်။

ပါရာကျေးရွာစာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၉၀ ဦးကျော် တက်ရောက်နေပြီး အလယ်တန်းပြဆရာတစ်ဦးနှင့် မူလတန်းပြ ဆရာလေးဦးရှိပြီး ဆရာ၊ ဆရာမများအတွက် နေအိမ်ကို ရွာမှ တစ်နှစ်တစ်ကြိမ် တည်ဆောက်ပေးနေရကြောင်း ရွာသူရွာသားများထံမှ သိရသည်။

အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအနက် လေးတန်းမှ ရှစ်တန်းအထိ ကလေးငယ်များကို လူနေအိမ်များတွင် စာသင်ကြားနေရခြင်းဖြစ်သည်။

R-20