News

POST TYPE

NEWS

လူရှစ်ဦးကို အသေအချာ စီစဉ်သတ်ဖြတ်သော အိုဟိုင်းဟိုးမိသားစုတစ်စုကို ဖမ်းဆီး
15-Nov-2018


ကိုလံဘတ်စ်၊ နိုဝင်ဘာ ၁၄

လူရှစ်ဦးကို သေသေချာချာ စီစဉ်ပြီး သတ်ဖြတ်ခဲ့သော ဖခင်၊ မိခင်နှင့် သား နှစ်ဦးတို့ကို အိုဟိုင်းဟိုးပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အေဂျင်စီသတင်းများက ဖော်ပြထားသည်။

သတ်ဖြတ်ခံရသူရှစ်ဦးမှာ မိသားစုတစ်စုတည်းမှ လူ ခုနစ်ယောက်နှင့် စေ့စပ်ထားသူတစ်ဦးတို့ ဖြစ်သည်။

ဂျော့ဝက်ဂ်နာ (၃)၊ ဇနီးဖြစ်သူ အိန်ဂျလာဝက်ဂ်နာ၊ သားဖြစ်သူ ဂျော့ ဝက်ဂ်နာ (၄) နှင့် အက်ဝပ်ဝက်ဂ်နာတို့ကို ၂၀၁၆ ဧပြီလကတည်းက ကျူးလွန်သော လူသတ်မှုများဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အခင်းဖြစ်ရာနေရာမှာ ကွန်နက် တီကပ်ပြည်နယ်အရှေ့ပိုင်း ၁၃၀ ကီလိုမီတာအကွာရှိ ကျေးလက်ဒေသတစ်ခုတွင် ဖြစ်သည်။

မည်သည့်အကြောင်းကြောင့် သတ်လိုက်သည်ကို မထုတ်ပြန်သေးသော်လည်း ဝက်ဂ်နာမိသားစုဝင် အမျိုးသားတစ်ဦးနှင့် ရိုဒန်မိသားစုဝင် မိခင်တို့မှရရှိသော ကလေးပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး လူသတ်မှုဖြစ်လာခြင်းဟု ခန့်မှန်းကြသည်။

စုံစမ်းစစ်ဆေးရာတွင် တရားမဝင် မူးယစ်ဆေးဝါးမှုများ၊ ကြက်တိုက်ခြင်းများနှင့် မက္ကဆီကို မူးယစ်ရာဇာများလည်း ပါဝင်ပတ်သက်နေကြောင်း တာဝန်ရှိသူများက ပြောထားသည်။

အိုဟိုင်းဟိုးရှေ့နေချုပ် မိုက်ခ်ဒီဝိုင်းက ဝက်ဂ်နာလေးဦးသည် သံသယဖြစ်ဖွယ် တရားခံများ ဖြစ်လိမ့်မည်ဟု ရှင်းလင်းစွာ ယူဆကြောင်း ပြောကြားထားသည်။

“ဥပဒေဌာနမှာ အလုပ်လုပ်နေတဲ့ ကာလများအတွင်းမှာ အထူးဆန်းဆုံး အမှုအခင်းကို ကြုံရတာဖြစ်ပါတယ်”ဟု ဥပဒေအရာရှိချုပ်ကပြောကြားသည်။ 

အိမ်သုံးနေရာတွင် သေဆုံးသူခုနစ်ဦးကို ဦးခေါင်းများတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ ရှစ်ဦးမြောက် သေဆုံးသူကို အခြားနေရာတစ်ခုတွင် တွေ့ရခြင်းဖြစ်သည်။ အတော်များများသည် အိပ်နေစဉ် သေနတ်ဖြင့် ခေါင်းကို အပစ်ခံရခြင်းဖြစ်သည်။

သေဆုံးသူ ခုနစ်ဦးမှာ ရိုဒန်မိသားစုဝင်များဖြစ်ကြပြီး မိန်းကလေးတစ်ဦးမှာ ရိုဒန်တစ်ဦးနှင့် စေ့စပ်ထားသူဖြစ်သည်။

F-02