News

POST TYPE

NEWS

ခါရှော့ဂီအသတ်ခံရမှု အသံဖိုင်မှတ်တမ်းများကို ဥရောပနိုင်ငံများသို့ တူရကီပေးပို့
12-Nov-2018



အစ္စတန်ဘူးလ် နိုဝင်ဘာ ၁၁

ခါရှော့ဂီအသတ်ခံရမှုနှင့် ပတ်သက်သည့် အသံဖိုင်မှတ်တမ်းများကို ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများသို့ တူရကီက ပေးပို့လိုက်သည်ဟု သမ္မတအာဒိုဂန်က စနေနေ့တွင် ပြောကြားကာ ဆော်ဒီနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးမှုကို ဆက် ထိန်းထားရန် ကြိုးစားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သမ္မတထရမ့် အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်များနှင့်အတူ ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ရန်အတွက် ပြင်သစ်နိုင်ငံသို့ မထွက်ခွာမီ အာဒိုဂန်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ဆော်ဒီ၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်ကိုအသံဖိုင်မှတ်တမ်းတွေ ပို့လိုက်ပြီ။ သူတို့ နားထောင်ပြီးရင် သိကြမှာပါ”ဟု အာဒိုဂန်က ပြောကြားသည်။

ထိုအသံဖိုင်များကို စီအိုင်အေညွှန်ကြားရေးမှူး ဂျီနာဟက်စပယ်ယခင်လက အစ္စတန်ဘူးလ်သို့ လာရောက်ခဲ့စဉ်က နားထောင်ခဲ့ပြီးဖြစ်ပြီး ဆော်ဒီမှ အကြီးတန်း ကိုယ်စားလှယ်သည်လည်း တူရကီသို့ လာရောက်စဉ်က နားထောင်သွားခဲ့သည်ဟု သိရှိရသည်။

သမ္မတအာဒိုဂန်က အသံဖိုင်များ၏ အကြောင်းအရာအသေးစိတ်ကိုမူစနေနေ့က ပြောကြားခြင်းမပြုခဲ့ပေ။ သို့ရာတွင် တူရကီသည် အသံဖိုင်မှတ်တမ်းများစွာရရှိထားသည်ဟု နီးစပ်သူများက ပြောကြားကြသည်။

အသံဖိုင်များတွင် လူသတ်မှုဖြစ်စဉ်အပြင် ထိုကိစ္စကို ကြိုတင်စီစဉ်နေသည့် စကားပြောဆိုမှု မှတ်တမ်းများပါဝင်သောကြောင့် အစောပိုင်းတွင် ဆော်ဒီအာဏာပိုင်များက ပါဝင်ပတ်သက်မှုမရှိဟု တွင်တွင်ငြင်းဆိုနေသည့်တိုင်အောင် တူရကီအာဏာ ပိုင်များက ထိုဖြစ်ရပ်သည် ကြိုတင်စီစဉ် ထားသောလူသတ်မှုဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကြသည်။

ထိုနောက်ပိုင်းတွင် ဆော်ဒီအိမ်ရှေ့မင်းသားက ထိုကိစ္စကိုမသိရှိခဲ့ဟုပြောဆို နေဆဲဖြစ်သော်လည်း ဆော်ဒီရှေ့နေချုပ် ဆွပ်အယ်လ်မိုဂျက်ကမူ ခါရှော့ဂီအသတ်ခံရမှုသည် ကြိုတင်စီစဉ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုအသံဖိုင်များကို နားထောင်ခဲ့သော တူရကီအာဏာပိုင်များသည် ပြောဆိုထားသည့် အကြောင်းအရာများကြောင့် ကြောက်လန့်သွားခဲ့ကြကြောင်းနှင့် မင်းသား၏ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်သူ ဆွပ်အယ်လ်ကာတီနီ၏ အသံထင်ရှားစွာ ပေါ်လွင်နေကြောင်း ထိုအသံဖိုင်များအကြောင်း သိရှိသူတစ်ဦးက သတင်းပေးပြောကြားသည်။

လူသတ်မှုကိစ္စကြောင့် ကာတီနီနှင့် အခြားတာဝန်ရှိသူလေးဦးကို ဆော်ဒီဘုရင် ဆော်လ်မွန်က ယခင်လက ထုတ်ပယ်ခဲ့သည်ဟု ထောက်လှမ်းရေးသတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားသည်။

သမ္မတအာဒိုဂန်က လူသတ်မှုကို ဆော်ဒီခေါင်းဆောင်များက ညွှန်ကြားခဲ့သည်ဟု တိုက်ရိုက်စွပ်စွဲခြင်းမပြုသော်လည်း ခါရှော့ဂီပျောက်ဆုံးမသွားမီ နာရီပိုင်း အလိုတွင် တူရကီသို့ ရောက်ရှိလာသောလူစု ထဲတွင်ပါဝင်သော လူသတ်သမားကို စိစစ်ဖော်ထုတ်ပေးရန် တောင်းဆိုထားသည်။

“ဒီအမှုကို ဖုံးဖိနေဖို့ မလိုပါဘူး။ ၁၅ ယောက်လူစုထဲက လူသတ်သမားတွေကို သူတို့သိရမှာပါ။ ဒီ ၁၅ ယောက်ကို ထုတ်ပြောလာအောင်လုပ်ပြီး သူတို့ ဖော်ထုတ်နိုင်ပါတယ်”ဟု အာဒိုဂန်က ပြောကြားသွားသည်။

F-04