News

POST TYPE

NEWS

ပထမကမ္ဘာစစ်ပြီးဆုံးမှု နှစ်ပေါင်း ၁၀၀ ပြည့်၊ ကမ္ဘာ့ခေါင်းဆောင်များ အောက်မေ့ဖွယ်အခမ်းအနားများတက်
12-Nov-2018



ဘာလင်-ဗီယင်နာ၊ နိုဝင်ဘာ ၁၁ 

ပထမကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပေါင်း ၁၀၀ တိတိပြည့်သည့် အထိမ်းအမှတ်ကို ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ သမ္မတအီမန်နျူရယ်မက်ခရွန်နှင့် ဂျာမနီ အဓိပတိ မာကယ်လ်တို့ တက်ရောက်ပြီး စစ်အတွင်း သေဆုံးခဲ့ကြသူများအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း၊ အခြား ကမ္ဘာ့နိုင်ငံခေါင်းဆောင်များလည်း အလားတူ အောက်မေ့ဖွယ်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

အဆိုပါအခမ်းအနားကို ပထမကမ္ဘာ စစ် ပြီးဆုံးကြောင်း သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ရော့သန်ဒ်ရုံးအဆောက်အအုံတွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (ယင်းနေရာသည် မြို့တော်ပဲရစ်မြို့၏ အရှေ့မြောက်ပိုင်း ၅၆ မိုင်အကွာအဝေးတွင်တည်ရှိသည်။)

၁၉၁၈ ခုနှစ်၊ ၁၁ လပိုင်း၊ ၁၁ ရက်၏ ၁၁ နာရီတွင် အဆိုပါနေရာတွင် မဟာမိတ် တို့နှင့် ဂျာမနီနိုင်ငံတို့ စစ်ပြီးဆုံးကြောင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ 

အဓိပတိမာကယ်လ်နှင့် မက်ခရွန် တို့က ဂျာမနီနှင့် ပြင်သစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပထမကမ္ဘာစစ်အတွင်း (၁၉၁၄-၁၉၁၈)သေဆုံးသွားသော ပြင်သစ် တပ်သား ၁ ဒသမ ၄ သန်းနှင့် ဂျာမနီ တပ်သား ၂ သန်းကျော်တို့ကို ချီတက် အလေးပြုသည့်အခမ်းအနားကို ကြည့်ရှု ခဲ့ကြသည်။ 

ယင်းသို့ ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်တို့ ပထမကမ္ဘာစစ်ပြီးဆုံးကြောင်း လက်မှတ်ထိုးသည့်နေရာသို့ အတူရောက်ရှိလာခြင်းသည် ၁၉၄၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည်။ 

အဆိုပါ ပထမကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပေါင်း ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲများသို့ တက်ရောက်သည့် ကမ္ဘာ့ခေါင်းဆောင်များထဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း ပါဝင်သည်။ 

ဩစတြေးလျနိုင်ငံတွင်မူ ပထမ ကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကန်ဘာရာ မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နယူးဇီလန်နိုင်ငံတွင်မူ သေနတ်တင်အလေးပြု အခမ်းအနားကြီးကို မြို့တော်ဝယ်လင်တန်၌ ပြုလုပ်ခဲ့သည်။ 

အိန္ဒိယတွင်မူ ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့သောတပ်ဖွဲ့ဝင် ၇၄၀၀၀ ခန့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်နေ့ကပင် ကျင်းပပြုလုပ်ခဲ့သည်။ 

ဥရောပဒေသအတွက် ပထမကမ္ဘာစစ် အောက်မေ့ဖွယ်အခမ်းအနားကြီးကိုမူ ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် အဓိကကျင်းပ ပြုလုပ်ခဲ့သည်။ 

ပြင်သစ်တွင်ပြုလုပ်သည့် ယင်းအခမ်းအနားသို့ ရုရှားသမ္မတဗလာဒီမာပူတင်လည်း တက်ရောက်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်မူ ပထမကမ္ဘာစစ်မက်ကြီးအတွက် အထိမ်းအမှတ်အခမ်းအနားများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

ဩစတြေးလျဝန်ကြီးချုပ်စကော့ မော်ရစ်ဆန်က ပြည်သူများအနေနှင့် အတိတ်ကာလက ဖြစ်ရပ်များကို လေ့လာသင်ယူပြီး လက်ရှိနှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်စွာ ဦးဆောင်လမ်းပြပြုလုပ်သင့်ကြောင်း အောက်မေ့ဖွယ် အခမ်းအနားတွင် ပြောကြားသည်။

ဩစတြေးလျနှင့် နယူးဇီလန်တို့သည် ၁၉၁၅ ဂယ်လီပိုလီစစ်ပွဲ၌ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

F-01