News

POST TYPE

NEWS

သီးနှံအာမခံစနစ်စနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ အဖွဲ့ဖွဲ့မည်
12-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၁

သီးနှံအာမခံစနစ်ကို မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် ၁၅ တွင် သီးနှံအာမခံစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် ရာသီဥတုပြောင်းလဲခြင်း၊ သီးနှံဖျက်ပိုးမွှားရောဂါများ ကျရောက်ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုကို နှစ်စဉ်နီးပါး ခံစားနေကြရပြီး အာမခံကုမ္ပဏီများ၊ တောင်သူများနှင့် အစိုးရဌာနများအနေနှင့် သီးနှံအာမခံစနစ်ကို ပူးပေါင်းအကောင်အထည်ဖော်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ယင်းဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“အစိုးရနဲ့ ပုဂ္ဂလိကပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး သီးနှံအာမခံကို စနစ်တကျအမြန်ဆုံး စတင်နိုင်အောင် စီစဉ်မယ်ဆိုတဲ့အနေအထားတစ်ခုကို ဆွေးနွေးပွဲမှာဖော်ထုတ်ရရှိပါတယ်။ အရင်ထက်ပိုနီးစပ်ပြီး အကောင်အထည်ပေါ်နိုင်တဲ့အခြေအနေရောက်လာတာပေါ့” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုသည့်နည်းတူ ပြည်ပအာမခံ ကုမ္ပဏီများကိုလည်း ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပေးရန်နှင့် အာမခံကဏ္ဍကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြထားကြောင်း ဦးရဲမင်းအောင်က ပြောဆိုသည်။

လက်ရှိတွင် သီးနှံအာမခံစနစ်ကို အစိုးရက ပြည်တွင်းအာမခံကုမ္ပဏီအချို့ကို တိုင်းနှင့် ပြည်နယ်အချို့တွင် စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အကောင်အထည်ဖော် မလုပ်ဆောင်နိုင်သေးခြင်းဖြစ်သည်။

သီးနှံအာမခံစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွှတ်တော်ရေးရာကော်မတီ၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သီးနှံအာမခံကုမ္ပဏီများ၊ အာမခံနှင့်ချေးငွေဆိုင်ရာလုပ်ငန်းများ၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

J-11