News

POST TYPE

NEWS

ဘေဂျင်း သဘာဝ တောရိုင်းဥယျာဉ်တွင် အမျိုးသမီးနှစ်ဦးကို ကျားများဝင်ဆွဲ၊ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာ ပြင်းထန်
26-Jul-2016

ဘေဂျင်း၊ ဇူလိုင်၂၅

ဘေဂျင်း သဘာဝ တောရိုင်းဥယျာဉ်တွင် ကားထဲမှအပြင်သို့ ထွက်လာသော အမျိုးသမီး နှစ်ဦးကို ကျားများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု တရုတ်သတင်းမီဒီယာက ဖော်ပြထားသည်။

စီစီတီဗီ မြင်ကွင်းတွင် ကျားများက ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ကာ ဆွဲယူသွားခြင်း မခံရမီ ကားနံဘေးတွင် ရပ်နေသော အမျိုးသမီး တစ်ဦးကို တွေ့မြင်ရသည်။

ဒုတိယ အမျိုးသမီးမှာ ကားထဲမှ ခုန်ထွက်ကာ အကူအညီ တောင်းနေစဉ် နောက်ထပ် ကျား တစ်ကောင်၏ ဝင်ဆွဲခြင်း ခံရပြီး အသက် ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးနှင့်အတူ ကားထဲတွင်ရှိနေပြီး ကူညီရန် ကြိုးစားခဲ့သော အမျိုးသားမှာမူ ထိခိုက်ခဲ့ခြင်း မရှိဟု သိရှိရသည်။

ဘေဂျင်း သဘာဝ တောရိုင်းဥယျာဉ်သို့ လာရောက် လည်ပတ်သော ဧည့်သည်များအား ဥယျာဉ်အတွင်း ကိုယ်ပိုင်ယာဉ်ဖြင့် မောင်းနှင် ကြည့်ရှုရန် ခွင့်ပြုထားသော်လည်း တောရိုင်းတိရစ္ဆာန်များ လွှတ်ထားသော နေရာများတွင် ကားထဲမှအပြင်သို့ မထွက်ရန် သတိပေး တားမြစ်ထားသည်။

ဗီဒီယို ပုံရိပ်များထဲတွင် စက္ကန့်ပိုင်းအတွင်း ဥယျာဉ် အစောင့်များ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည်ကို တွေ့မြင်ရသော်လည်း အမျိုးသမီး တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိပေ။

အသက်ရှင် ကျန်ရစ်သော အမျိုးသမီးမှာ ဆေးကုသမှု ခံယူနေသည်ဟု ရန်ကျင်းခရိုင် အစိုးရက ပြောကြားသော်လည်း အသေးစိတ် သတင်းထုတ်ပြန်ခြင်း မပြုပေ။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဥယျာဉ် တာဝန်ရှိသူများက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြပြီး မိုး သည်းထန်စွာ ရွာသွန်းနိုင်သောကြောင့် ဥယျာဉ်ကို ယာယီ ပိတ်ထားသည်ဟုသာ ဖြေကြားခဲ့ကြသည်။

  • VIA