News

POST TYPE

NEWS

စည်းကမ်းမဲ့ ကမ်းဝေးငါးဖမ်းလှေကြီးအချို့ကြောင့် ကမ်းနီးလှေလုပ်ကိုင်သူလျော့ကျ
08-Nov-2018
မြိတ်၊ နိုဝင်ဘာ ၇

ပင်လယ်ပြင်အတွင်း ကမ်းဝေး ငါးဖမ်းလှေကြီးအချို့၏ စည်းကမ်းမဲ့ငါးဖမ်းဆီးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများကြောင့် ကမ်းနီး ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်ကြသူများ လျော့နည်းလာကြောင်း မြိတ်မြို့နယ်ရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ကမ်းဝေး ငါးဖမ်းလှေကြီးများက ကမ်းနီးတွင် ဝင်ရောက်ဖမ်းဆီးခြင်း၊ ကမ်းနီးလှေများချထားသည့် ပိုက်တန်းများကို တိုက်ဖြတ်ခြင်း၊ ပိုက်တန်းကို တိုက်ဖြတ်သည့်အတွက် သွားရောက်ပြောဆိုပါက ပြန်အော်ဆဲခြင်း၊ ရန်စခြင်း၊ လှေငယ်တစ်စီးတည်းရှိလျှင် လိုက်လံတိုက်မြှုပ်ခြင်း စသဖြင့် ပြုလုပ်ကြကြောင်း မြိတ်မြို့နယ်ရှိ ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

“အနိုင်ကျင့်တာတွေ ခံရဖန်များလာတော့လည်း အများစုက ဒီအလုပ်မလုပ်ကြတော့ဘူး”ဟု မြိတ်မြို့ ထားဝယ်ကမ်းရပ်ကွက်မှ အသက် ၄၅ နှစ်ရှိ ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောသည်။

မြိတ်မြို့တွင် ထားဝယ်ကမ်းရပ်ကွက်နှင့် ရေပုန်းရပ်ကွက်တို့တွင် ကမ်းနီး ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ထားဝယ်ကမ်းရပ်ကွက်တွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ကမ်းနီးလှေ အစီးတစ်ရာကျော်ရှိရာမှ လက်ရှိတွင် အစီးရေ ၄၀ ခန့်သာ ကျန်တော့ကြောင်း ကမ်းနီးလှေပိုင်ရှင်များက ပြောသည်။

ရေပုန်းရပ်ကွက်တွင်လည်း လွန်ခဲ့သည့် ၃ နှစ်ခန့်က ကမ်းနီးငါးဖမ်းလှေ အများအပြား ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် မရှိသလောက်နီးပါးဖြစ်နေပြီဖြစ်ကြောင်း ရေပုံးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်ထံမှ သိရသည်။

ချထားပိုက်တန်းများအား လှေကြီးများမှ ဝင်ရောက်တိုက်ဖြတ်ခြင်းခံရလျှင် အနည်းဆုံးတန်ဖိုး တစ်သိန်းကျော်မှ အများဆုံး ဆယ်သိန်းအထိ ဆုံးရှုံးလေ့ရှိကြောင်း ထားဝယ်ကမ်းရပ်ကွက်ရှိ ကမ်းနီး ရေလုပ်သားတစ်ဦးဖြစ်သည့် ဦးစိုးနိုင်ကဆိုသည်။

“ငါးတွေလည်း အရနည်းလာတဲ့အထဲ ပျက်စီးဆုံးရှုံးမှုများလာတော့ လုပ်မယ့်သူတွေ နည်းလာတယ်”ဟု ဦးစိုးနိုင်ကဆိုသည်။

ငါးရရှိမှုနည်းလာခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများခြင်းကြောင့် လှေလုပ်ငန်း ရပ်နားခဲ့ရပြီးနောက် သားဖြစ်သူများမှာ အခြားလှေများတွင် လှေသားများအဖြစ် လိုက်လံလုပ်ကိုင်နေရကြောင်း ကမ်းနီး ငါးဖမ်းလှေပိုင်ရှင်တစ်ဦးဖြစ်သည့် ထားဝယ်ကမ်းရပ်နေ ဒေါ်သန်းရွှေကပြောသည်။

ယင်းသို့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လှေကိစ္စနှင့်ပတ်သက်၍ တရားမဝင် ငါးဖမ်းလှေများ၊ စည်းကမ်းနှင့်မညီသည့် ငါးဖမ်းလှေများအား ရေတပ်နှင့်ပင်လယ်ပြင် စိုးမိုးရေးတပ်များ ပူးပေါင်းဖမ်းဆီးကာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့ လာရောက်အပ်နှံပြီး တရားစွဲဆိုခြင်းများ ပြုလုပ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောသည်။

စည်းကမ်းမဲ့ ကမ်းဝေးလှေကြီးများသည် ကမ်းနီးငါးဖမ်းလှေငယ်များအား ပင်လယ်ပြင်အတွင်း တိုက်မြှုပ်သည်အထိ ပြုလုပ်နေကြပြီး ပင်လယ်ပြင်တွင်လည်း ကြီးနိုင်ငယ်ညှဉ်း စီးပွားရေးလက်ဝါးကြီးအုပ်စနစ်များ ဖြစ်ပေါ်နေကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၇ မှလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောဆိုခဲ့ဖူးသည်။

Dawei Watch