News

POST TYPE

NEWS

မိခင်ဒိုင်ယာနာ မင်းသမီး ကွယ်လွန်မှုအကြောင်း မပြောဖြစ်ခဲ့သည့်အတွက် နောင်တရသည်ဟု မင်းသား ဟယ်ရီ ဆို
26-Jul-2016 tagged as

လန်ဒန်၊ ဇူလိုင်၂၅

လွန်ခဲ့သည့် သုံးနှစ် မတိုင်မီကအထိ မိခင်ဖြစ်သူ ဒိုင်ယာနာ မင်းသမီး ကွယ်လွန်မှုအကြောင်း မပြောဖြစ်ခဲ့သည့်အတွက် နောင်တရမိသည်ဟု မင်းသားဟယ်ရီက ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

၁၉၉၇ တွင်ဝေလမင်းသမီး ကား မှောက်ပြီး သေဆုံးခဲ့စဉ်က ဟယ်ရီမှာ အသက် ၁၂ သာ ရှိသေးသည်။

ယခုအခါ အသက်၃၁ နှစ်ရှိပြီဖြစ်သည့် မင်းသားဟယ်ရီက စိတ်ကျန်းမာရေး ရန်ပုံငွေပွဲ Heads Together ကို ဦးစီးကျင်းပစဉ် ယင်းကိစ္စကို ပြန်ပြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပွဲသို့နာမည်ကြီး အားကစားသမားများလည်း တက်ရောက်ခဲ့ကြသည်။ 

ယခုပွဲသည် စိတ်ကျန်းမာရေး ပြဿနာများ ခံစားခံရသူ မည်သူမဆို မိမိအကြောင်း ပြောပြရန် အခွင့်အလမ်း တစ်ရပ်ဖြစ်သည်ဟု မင်းသားဟယ်ရီက ဘီဘီစီသို့ ပြောကြားသွားသည်။

ဘောလုံးသမား ရီယိုဖာဒီနန်၊ အပြေး အားကစားသမား ဒိမ်းကယ်လီဟုမ်းစ်နှင့် အီဝန်သောမတ်စ်၊ စက်ဘီးအားကစားသမား ဗစ်တိုးရီးယား ပန်ဒယ်လ်တန်တို့ တက်ရောက်ခဲ့ကြပြီး ပွဲတွင်အချို့က ၎င်းတို့ ခံစားခဲ့ရသည့် စိတ်ကျ ဝေဒနာအကြောင်း ပြောကြားခဲ့ရသည်။

မင်းသားဟယ်ရီသည် Heads Together အဖွဲ့ကို အစ်ကိုဖြစ်သူ ကိန်းဘရစ်ခ်ျမြို့စား မင်းသားဝီလျံ၊ ကြင်ရာတော် ကက်သရင်းတို့နှင့်အတူ ထူထောင်ထားခြင်းဖြစ်ပြီး စိတ်ကျန်းမာရေး ရန်ပုံငွေ အဖွဲ့များကို ပေါင်းစည်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

''ခံစားနေရတာကို ဖွင့်ဟ ပြောဆိုနေသရွေ့အဆင်ပြေပါတယ်။ ဒါက အားနည်းချက် မဟုတ်ပါဘူး။ ပြဿနာရှိနေရင် အဲဒါကို အသိအမှတ် မပြုဘဲ ပြဿနာ မဖြေရှင်းဘဲနေမှ အားနည်းချက် ဖြစ်သွားမှာပါ''ဟု မင်းသားဟယ်ရီက ပြောကြားသည်။

တော်ဝင်မိသားစုဝင်များ၊ နာမည်ကျော် အားကစားသမားများသည်လည်း အခြားလူတိုင်းကဲ့သို့ စိတ်ကျန်းမာရေး ပြဿနာများ ခံစားရနိုင်ကြောင်းကို ယခုပွဲက ပြသနိုင်သည်ဟု ဟယ်ရီက ဆိုသည်။

ဖာဒီနန်နှင့် စကားပြောချိန်တွင် ဟယ်ရီက သူ့မိခင်အကြောင်း ထည့်ပြောဖြစ်ခဲ့ခြင်း ဖြစ်သည်။

''ခင်ဗျားသိလား၊ ကျွန်တော် ဒီအကြောင်း တစ်ခါမှ မပြောဖြစ်ခဲ့တာကို တကယ် နောင်တ ရမိတယ်''ဟု ဟယ်ရီက ဖာဒီနန်ကို ပြောကြားခဲ့သည်။

ကလေး သုံးယောက်ဖခင် ဖာဒီနန်သည် ပြီးခဲ့သည့်နှစ်က ဇနီးသည် ရီဘက်ကာ အယ်လီဆင် သေဆုံး သွားခဲ့ပြီးနောက် အမေ မရှိသည့် ကလေးများ၏ ခံစားချက်ကို ပြောဖြစ်ရာမှ ဟယ်ရီက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

  • VIA
  • TAGS