News

POST TYPE

NEWS

မြိတ်တွင် အလျား ရှစ်ပေခန့်ရှိ လင်းပိုင်အသေတစ်ကောင်တွေ့
26-Oct-2018


မြိတ်၊ အောက်တိုဘာ ၂၅

မြိတ်မြို့ ကမ်းနားတွင် အလျားရှစ်ပေခန့်ရှိ လင်းပိုင်အသေတစ်ကောင်ကို ဆယ်ယူရရှိထားကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အောက်တိုဘာလ ၂၃ ရက် နေ့လယ်က အလျား ၇ ပေ ၉ လက်မရှိပြီး လုံးပတ် ၄ ပေ ၃ လက်မရှိ လင်းပိုင်အသေတစ်ကောင် ရေစီးဖြင့် မျောပါလာသည်ကို ကမ်းနားရှိ ကုန်တင်ကုန်ချ အလုပ်သမားတစ်ဦးက အကြောင်းကြားလာ၍ သွားရောက်ဆယ်ယူခဲ့ကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးရန်ကင်းက ပြောသည်။

လင်းပိုင်သေဆုံးမှုသည်လည်း ဓမ္မတာအတိုင်း သေဆုံးခြင်းဖြစ်နိုင်ပြီး ယင်းသို့ မျောလာခြင်းမျိုး ယခင်က မရှိခဲ့ဖူးကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“ဒဏ်ရာဒဏ်ချက်တွေတော့ မတွေ့ရဘူး”ဟု ဦးရန်ကင်းက ဆိုသည်။

လင်းပိုင်အသေကို ယင်းနေ့ညနေတွင် မြိတ်ကမ်းနားလမ်းရှိ သဲကွင်း၌ မြေမြှုပ်ခဲ့ပြီး အရိုးကျချိန်တွင် ပြန်ဖော်ကာ ပြတိုက်နှင့်တက္ကသိုလ်တို့တွင် အသုံးပြုမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယခုတွေ့ရှိသည့်လင်းပိုင်သည် ကမ်းနီးနှုတ်သီးလင်းပိုင် Bottlenose Dolphin (Tursiops aduncus) အမျိုးအစားဖြစ်ပြီး ကမ်းနီးတွင်သာ နေထိုင်ကျက်စားလေ့ရှိကြောင်း အထက်ပါဌာနမှ သိရသည်။

လင်းပိုင်များ၊ ပင်လယ်လိပ်များ၊ ဝေလငါးများ၊ ရေဝက်များ၊ ရေနဂါးများ၊ ငါးမန်းများနှင့် ပင်လယ်ရေအောက် သန္တာကျောက်ခက်၊ ကျောက်တန်းများအား ဖမ်းဆီး၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားကြောင်း ယင်းဌာနထံမှ သိရသည်။ 

Dawei Watch


  • VIA