News

POST TYPE

NEWS

ပြင်ဦးလွင်တွင် ဗျောက်အိုးရောင်းသူနှစ်ဦးကို ဖမ်းဆီး
23-Oct-2018

မန္တလေး၊ အောက်တိုဘာ ၂၃

ပြင်ဦးလွင်မြို့တွင် အောက်တိုဘာလ ၂၂ ရက်ညက ဗျောက်အိုးနှင့် မီးရှူးမီးပန်းများ ရောင်းချနေသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းမြို့ ရပ်ကွက်ကြီး ၆ ညဈေးတန်းတွင် အမျိုးသားနှစ်ဦး မီးရှူးမီးပန်းမျိုးစုံ ရောင်းချနေကြောင်း သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျပ် ၉၂၀၀ ကျော်ဖိုးရှိ မီးရှူးမီးပန်းများရောင်းချနေသူတစ်ဦးနှင့် ကျပ် ၁၁၅၆၅၀ ဖိုးရှိ မီးရှူးမီးပန်းများရောင်းချနေသည် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဗျောက်အိုးရောင်းချခဲ့သူ အမျိုးသားနှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာထားသောအမိန့်ကို ဖီဆန်ခြင်း) အရ ပြင်ဦးလွင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တရားလိုပြုလုပ် အမှုဖွင့်ထားကြောင်း၊ အဆိုပါအမှုသည် ရဲအရေး မပိုင်သည့်အမှုဖြစ်သည့်အတွက် ရုံးဖွင့်ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ကာ အရေးယူရန်ပြင်ဆင်ထားကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ဗျောက်ဖောက်တယ်ဆိုတာက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ်မဖောက်စေချင်ရင် ဝင်မလာအောင်တားတာက ကောင်းပါလိမ့်မယ်။ ဒီလို ဒေသန္တရအမိန့်က နှစ်တိုင်းထုတ်တယ်။ ဒါက ရဲတွေကို ဗျောက်အိုးရောင်းတဲ့သူတွေဆီက လိုင်းကြေးကောက်လို့ရအောင် လုပ်ပေးလိုက်သလိုပဲ။ ကျွန်တော်တို့ဆီမှာ ဖောက်နေတဲ့ဗြောက်တွေက ပြည်တွင်းထုတ်တွေမဟုတ်ဘူး၊ တရုတ်ကချည်းပဲလာတာ။ အဲ့ဒါကို မတားဘဲနဲ့ ရောင်းတဲ့သူတွေလိုက်ဖမ်းတာက အဖြေမဟုတ်ဘူး”ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ဦးသန်းလင်းထူးက ပြောကြားသည်။

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များအနက် ရက်မြတ်ဖြစ်သော သီတင်းကျွတ်ကာလတွင် ဗျောက်အိုးဖောက်ခြင်းကို နှစ်စဉ်တားမြစ်မိန့်ထုတ်နေသော်လည်း တရုတ်နှစ်သစ်ကူးချိန်တွင် တရုတ်လူမျိုးတို့၏ ရိုးရာဟုဆိုကာ ဗျောက်အိုးဖောက်သည်ကိုမူ တားမြစ်သူမရှိမကြောင်း ၎င်းကပြောဆိုသည်။

သီတင်းကျွတ်ပွဲတော်ကာလတွင် ဗျောက်အိုးဖောက်ခြင်းကို အကာအကွယ်ယူကာ မသမာသူတို့က ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက်ပြုခြင်း၊ အများပြည်သူအထိတ်တလန့်ဖြစ်စေခြင်းများကြောင်း ပြုလုပ်လာနိုင်သည်ဟုဆိုကာ ဗျောက်အိုးမဖောက်ကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယခုလအစောပိုင်းကတည်းက ဒေသန္တရအမိန့်ထုတ်ထားသည်။

ယင်းသို့ အမိန့်ထုတ်ထားသော်လည်း မန္တလေးမြို့တွင်း နေရာအနှံ့အပြားတွင် အသံကျယ်လောင်လွန်သည့် ဗျောက်များအပါအဝင် ဗျောက်မျိုးစုံကို ညအချိန်များသာမက နေ့အချိန်များတွင်ပါ ဖောက်နေကြကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

M-04