News

POST TYPE

NEWS

ထိုင်ဝမ်ကျွန်း ရထားတိမ်းမှောက်မှု လူ ၁၈ ဦးသေဆုံး၊ ရာနှင့်ချီ ဒဏ်ရာရ
23-Oct-2018



တိုင်ပေ၊ အောက်တိုဘာ ၂၂ 

ထိုင်ဝမ်ကျွန်း အရှေ့မြောက်ပိုင်းဒေသတွင် ခရီးသည်တင်မီးရထားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ်ရာရရှိသွားကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါဖြစ်ရပ်သည် ထိုင်ဝမ်ကျွန်း၌ နှစ်ပေါင်း ၃၀ ကျော်တာကာလအတွင်း အဆိုးရွားဆုံး မီးရထားမတော်တဆမှု ဖြစ်သည်။ 

ထိုင်ဝမ်ကျွန်း၏ မြို့တော်တိုင်ပေမှ ကီလိုမီတာ ၄၀ အကွာအဝေးတွင်ရှိသော ယူလီယန်ကောင်တီ မီးရထားဘူတာရုံအနီးတွင် အဆိုပါခရီးသည်တင်ရထား မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အစိုးရအရာရှိများ၏ အဆိုအရ တွဲဆိုင်းရှစ်ဆိုင်းပါဝင်သည့် အဆိုပါရထားမှာ တွဲဆိုင်းလေးဆိုင်း တိမ်းမှောက်သွားကြောင်း၊ ရထားပေါ်တွင် ခရီးသည်စုစုပေါင်း ၃၆၆ ဦး လိုက်ပါလာကြောင်း သိရသည်။ 

ထိုင်ဝမ်ကျွန်းသမ္မတ တိုင်အင်ဝမ်က သေဆုံးသွားသူများ၏ ဆွေမျိုးများနှင့် တွေ့ဆုံပြီး နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

“ကျွန်တော် တကယ့်ကို ဝမ်းနည်းပါတယ်ဗျာ၊ စိတ်မကောင်းပါဘူး၊ ခင်ဗျားအနေနဲ့ အားတင်းထားဖို့လိုလိမ့်မယ်”ဟု ရထားမတော်တဆမှုတွင် တစ်ဦးတည်းသော သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားကို သမ္မတတိုင်အင်ဝမ်က အားပေးစကား ပြောကြားသည်။ 

မီးရထားမတော်တဆမှုတွင် ဒဏ်ရာရရှိသွားသူအများစုမှာ သွေးလိုအပ်နေသောကြောင့် ကျန်းမာရေးအာဏာပိုင်များက သွေးလှူဒါန်းပေးကြရန် ထိုင်ဝမ်ပြည်သူများကို မေတ္တာရပ်ခံထားသည်။ သေဆုံးသွားသူ ၁၈ ဦးတွင် ခြောက်ဦးမှာ အသက် ၁၈ နှစ်အောက် အရွယ်များဖြစ်ကြသည်။ 

ယင်းဖြစ်ရပ်သည် ထိုင်ဝမ်ကျွန်းအတွက် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း လူသေကျေမှုအများဆုံးသော ရထားမတော်တဆမှုအဖြစ် သတ်မှတ်ခံရသည်။ 

၁၉၈၁ ခုနှစ်ကဖြစ်ပွားခဲ့သော မီးရထားနှစ်စင်း တိုက်မိမှုတွင် လူ ၃၀ သေဆုံးခဲ့ရသည်။

F-04