News

POST TYPE

NEWS

ဂျမဲလ်ခါရှော့ဂီသေဆုံးမှုသည် ကြီးမားသောမှားယွင်းမှုဖြစ်သည်ဟု ဆော်ဒီပြောကြား
23-Oct-2018


ရီယာ့ဒ် အောက်တိုဘာ ၂၂

သတင်းထောက် ဂျမဲလ်ခါရှော့ဂီ သေဆုံးမှုသည် ကြီးမားသောမှားယွင်းမှုဖြစ်သည်ဟု ဆော်ဒီအာရေဗီးယားက ပြောကြားလိုက်သော်လည်း ထိုလူသတ်မှုကို အိမ်ရှေ့မင်းသားက သိရှိခြင်းမရှိပါဟု ငြင်းဆိုလိုက်ကြောင်း DW သတင်းတွင် ဖော်ပြသည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အေဒယ်လ်အယ်လ်ဂျူဘီယာက ဂျမဲလ်ခါရှော့ဂီ မည်သို့သေဆုံးခဲ့သည်၊ အလောင်းမည်သည့် နေရာတွင်ရှိသည် စသည့်ကိစ္စများကို ဆော်ဒီအစိုးရက မသိကြောင်းနှင့် တူရကီအာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ခါရှော့ဂီအသတ်ခံရမှုသည် ဆိုးသွမ်းသော လုပ်ရပ်တစ်ခုဖြစ်ပြီး မှားယွင်းမှုတစ်ခုဖြစ်ကြောင်း၊ ကျူးလွန်သူများကို အရေးယူပြစ်ဒဏ်ပေးမည်ဟု ကတိပြုကြောင်း၊ အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်သည် ထိုလုပ်ကြံသတ်ဖြတ်မှုကိစ္စကို မသိရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက Fox သတင်းဌာနသို့ ပြောကြားသည်။

“ဆိုးဝါးတဲ့အမှားဆိုတာ ထင်ရှားပါတယ်။ အမှားပေါ်မှာ ထပ်ဆင့်လာတာက ဖုံးကွယ်ဖို့ ကြိုးစားတာပါပဲ။ ဘယ်အစိုးရမဆို ဒါမျိုးကို လက်သင့်မခံပါဘူး။ ဒီကိစ္စတွေဟာ မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့ပါတယ်”ဟု ဆော်ဒီဝန်ကြီးက ပြောကြားသည်။

ဆော်ဒီဘုရင်ဆော်လ်မွန်နှင့် အိမ်ရှေ့မင်းသား ဘင်ဆော်လ်မွန်တို့က ခါရှော့ဂီ၏သားဖြစ်သူ ဆာလာခါရှော့ဂီထံ ဖုန်းဆက်၍ ဝမ်းနည်းစကားပြောကြားခဲ့ကြသည်ဟု ဆော်ဒီသတင်းဌာနက ထုတ်ပြန်သည်။

ထိုအတောအတွင်း တူရကီသမ္မတ အာဒိုဂန်က အင်္ဂါနေ့က မိန့်ခွန်းပြောရာတွင် ခါရှော့ဂီ အသတ်ခံရမှုအတွက် တူရကီက အပြည့်အဝတာဝန်ယူ ဖော်ထုတ်မည်ဟု ကတိပေးလိုက်သည်။

“တရားမျှတစွာ စီရင်နိုင်ဖို့အတွက် ကျွန်တော်တို့ စုံစမ်းဖော်ထုတ်နေပါတယ်။ ပကတိအမှန်တရားကို ဖော်ထုတ်မှာပါ။ ပုံမှန်လုပ်ရိုးလုပ်စဉ် အဆင့်တွေနဲ့တင်မကဘဲ ပကတိအမှန်တရားအားလုံးကို ဖော်ထုတ်မှာပါ”ဟု အာဒိုဂန်က ပြောကြားသည်။

ခါရှော့ဂီသည် ဆော်ဒီမှ စေလွှတ်လိုက်သော ၁၅ ဦးပါ လက်မရွံ့အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုနှင့် ခုတ်ထစ်ဖြတ်တောက်မှုကို ခံခဲ့ရသည်ဟု တူရကီအာဏာပိုင်များက ပြောကြားထားပြီးဖြစ်သည်။ 

ထိုအချက်ကိုညွှန်ပြနေသည့် အသံဖိုင်နှင့် ဗီဒီယိုဖိုင်များကို ရရှိထားပြီဟု တူရကီတို့က ပြောကြားထားသည်။ သို့သော် မည်သည့်အထောက်အထားကိုမှ မထုတ်ပြန်သေးပေ။

အမှုနှင့်ပတ်သက်သော ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးထားပြီး နောက်ထပ် ၄၅ ဦးကိုလည်း စုံစမ်းစစ်မေးရန် ဆင့်ခေါ်ထားသည်ဟု တူရကီမီဒီယာက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ထားသည်။

တူရကီသမ္မတ အာဒိုဂန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ကြပြီး ခါရှော့ဂီ အသတ်ခံရမှုဖြစ်စေခဲ့သည့် အခြေအနေအားလုံးကို ရှုထောင့်အားလုံးမှ သုံးသပ်ရန် သဘောတူခဲ့ကြသည်ဟု သိရှိရသည်။

ဆော်ဒီတို့က ခါရှော့ဂီသည် ကောင်စစ်ဝန်ရုံးအတွင်းမှ ပြန်ထွက်ခွာသွားခဲ့သည်ဟု ဦးစွာ ခုခံငြင်းဆန်ခဲ့ကြပြီးမှ ကောင်စစ်ဝန်ရုံးအတွင်း ရန်ပွဲတွင် သေဆုံးခဲ့သည်ဟု နောက်ပိုင်းတွင် ဝန်ခံခဲ့ခြင်းဖြစ်သည်။

ကောင်စစ်ဝန်ရုံးအတွင်း ခါရှော့ဂီ မည်သို့ သေဆုံးခဲ့ကြောင်းကို ဆော်ဒီအစိုးရက တိကျသောရှင်းလင်းချက် ထုတ်ပြန်ပေးရန် လိုအပ်သည်ဟု ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန် သုံးနိုင်ငံက တနင်္ဂနွေနေ့ အစောပိုင်းတွင် တောင်းဆိုတိုက်တွန်းခဲ့ကြသည်။ ခါရှော့ဂီ သေဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံ၏ ရှင်းလင်းချက်သည် လုံလောက်မှု မရှိသေးဟု ဂျာမန်အဓိပတိ မာကယ်လ်က ပြောဆိုလိုက်သည်။ 

F-04



  • VIA