News

POST TYPE

NEWS

ကရင်ပြည်နယ်ရှိ သက်မွေးပညာသင်တန်းဆင်းသူများမှ ၆၀ ရာခိုင်နှုန်းခန့် လုပ်ငန်းခွင်သို့ရောက်ရှိ
19-Oct-2018

ဘားအံ၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်အစိုးရ နည်းပညာအထက်တန်းကျောင်းမှ ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းသို့ တက်ရောက်သူများမှ ၆၀ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရ နည်းပညာအထက်တန်းကျောင်းစစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသင်တန်းမှ ကာလရှည် ၂ နှစ် သင်တန်းကို ထူးထူးချွန်ချွန်အောင်မြင်သူများအနေနှင့် နည်းပညာတက္ကသိုလ် (GTI) ရရှိပြီး ကာလတိုသင်တန်းအဖြစ် ၃ လသင်ကြားပေးကြောင်း ယင်းသင်တန်းများမှ သင်တန်းသား ၁၁၀၀ ကျော်သည် လုပ်ငန်းခွင်အတွင်းသို့ ရောက်ရှိခဲ့ကြောင်း ယင်းစစ်တမ်းအရသိရသည်။

“တချို့က ကိုယ်ပိုင်လုပ်ငန်းထောင်တယ်၊ တချို့ကတော့ အခစားအနေနဲ့ အလုပ်လုပ်ကြတယ်”ဟု ကရင်ပြည်နယ်အစိုးရ နည်းပညာ အထက်တန်းကျောင်း လက်ထောက် ကျောင်းအုပ်ဦးမျိုးမြင့်ခိုင်က ပြောကြားသည်။

ယင်းကာလတို သက်မွေးပညာသင်တန်းမှာ ပညာရည်နည်းပါးသူများနှင့် မသန်စွမ်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံစက်ချုပ်အတတ်ပညာ၊ အဆင့်မြင့်မွမ်းမံစက်ချုပ်ပညာ၊ အခြေခံကွန်ပျူတာ၊ ဂဟေဆက်ခြင်းအတတ်ပညာ၊ အိမ်တွင်းလျှပ်စစ်ဝိုင်ယာ သွယ်တန်းခြင်း ပညာ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ ပြင်ဆင်တပ်ဆင်ခြင်းပညာ၊ အမျိုးသမီးဆံပင်ညှပ်ပညာ၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများကို သင်ကြားပေးခြင်းဖြစ်ကြောင်း ယင်းသင်တန်းကျောင်းထံမှ သိရသည်။

“ကျွန်တော့်ကလေးတွေက ပညာရေးမှာ သိပ်မထူးချွန်ဘူး၊ အရင်က တောင်ပေါ်တက် (ဘန်ကောက်သွား) အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေက ဒီမှာသံပန်းသံတံခါးဆိုင်တွေ ဖွင့်တာမျိုးရှိတယ်၊ အခုလို ပညာရည်နည်းပါးသူတွေအတွက် သူတို့နဲ့လိုက်ဖက်မယ့် သက်မွေးပညာသင်တန်းရှိတော့ ဟို (ဘန်ကောက်) ကိုသွားစရာ မလိုတော့ဘူးပေါ့၊ သူတို့ကိုအလုပ်ထောင်ပေးလို့ ရတယ်လေ” ဟု ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးညွန့်လွင်က ပြောကြားသည်။

R-17