News

POST TYPE

NEWS

မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ရန် ပုပ်ရဟန်းမင်းကြီး ဆန္ဒရှိဟု သတင်းထွက်
16-Oct-2018


ဆိုးလ်၊ အောက်တိုဘာ ၁၅ 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် လာမည့်နွေဦးကာလတွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒရှိနေသည်ဟု တောင်ကိုရီးယားအာဏာရ ပါတီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။

တောင်ကိုရီးယား၏ အာဏာရဒီမိုကရက်တစ်ပါတီ၏ အကြီးအကဲဖြစ်သူ လီဟေချန်က ၎င်းသည် ပုပ်ရဟန်းမင်းကြီး မြောက်ကိုရီးယားနိုင်ငံသို့ လာမည့်နွေဦး၌ သွားရောက်လည်ပတ်ရန် စိတ်ဆန္ဒရှိသည် ဟူသောသတင်းကို ကြားသိထားရကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြောကြားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ပုပ်ရဟန်းမင်းကြီးကို ပြုံယမ်းသို့လာ ရောက်လည်ပတ်ရန် ဖိတ်ကြားထားပြီး ဖြစ်သည်။ ပြုံယမ်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားစာကို တောင်ကိုရီးယားနိုင်ငံ သမ္မတမွန်ဂျေအင်းက လာမည့်သတင်းပတ်အတွင်း ဗာတီကန်သို့ သွားရောက်လည်ပတ်ရာ၌ ပုပ်ရဟန်းမင်းကြီးထံသို့ ပေးပို့မည်ဖြစ်သည်။ 

မြောက်ကိုရီးယားနှင့် ဗာတီကန်အကြား ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိပေ။ 

“ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံရာတွင် ဥက္ကဋ္ဌကင်ဂျုံအန်းက မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားချက်ကို သမ္မတမွန်ဂျေအင်းက မလွဲမသွေ ဖိတ်ကြားပြောဆိုပေးမှာဖြစ်ပါတယ်” ဟု သမ္မတမွန်ဂျေအင်း၏ ပြောရေးဆိုခွင့်ရှိသူ ကင်မ်အီကွမ်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ယခုလို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကင်ဂျုံအန်းကိုယ်စား ပုပ်ရဟန်းမင်းကြီးအား ဖိတ်ကြားမှုပြုပေးခြင်းကို ကြည့်လျှင် မြောက်ကိုရီးယားနိုင်ငံ၏ ပြန်လည်သင့်မြတ်လိုသောအရိပ်လက္ခဏာများကို တွေ့မြင်ရမည်ဖြစ်သည်။

ကင်ဂျုံအန်း၏ ဖခင်ဖြစ်သူကင်ဂျုံအီ (ယခင်ခေါင်းဆောင်) သည် ပုပ်ရဟန်းမင်းကြီး ၂ ကို မြောက်ကိုရီးယားသို့လာရောက်လည်ပတ်ရန် ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်က ဖိတ်ကြားခဲ့ဖူးသည်။ ထိုစဉ်ကပုပ်ရဟန်းမင်းကြီးက အကယ်၍ မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်ခွင့်ရမည်ဆိုပါက လွန်စွာအံ့အားသင့်စရာကောင်းမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကင်ဂျုံအီက ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။ ကင်ဂျုံအီ၏ ဖိတ်ကြားမှုကို တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ (ကွယ်လွန်) က ထိပ်သီး ဆွေးနွေးပွဲတစ်ခုတွင် ဖိတ်ကြားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းခရီးစဉ်မှာ မည်သည့်အခါကမျှ ဖြစ်မလာခဲ့ပေ။ 

AP သတင်းဌာန၏ ရေးသားဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးများကို လက်သင့်ခံသည့်အချိန်ကာလရောက်မှသာ ပုပ်ရဟန်းမင်းကြီးအနေနှင့် သွားရောက်လည်ပတ်မည်ဖြစ်သည်ဟု ဗာတီကန်က အသိပေးထုတ်ဖော်ထားပြီးဖြစ်သည်။

F-01