News

POST TYPE

NEWS

ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရားဝင်ပြီးဆုံးတော့မည့် အချိန်ကာလထဲသို့ ရောက်ရှိဟု မွန်ဂျေအင်း ပြောကြား
14-Oct-2018
ဆိုးလ်၊ အောက်တိုဘာ ၁၃

လက်ရှိအချိန်ကာလသည် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့အနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ စစ်ပွဲကြီးပြီးဆုံးကြောင်း တရားဝင်ကြေညာနိုင်မည့် အချိန်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်းက ပြောကြားလိုက်သည်။ 

BBC သတင်းဌာနနှင့်တွေ့ဆုံရာတွင် သမ္မတမွန်ဂျေအင်းက ကိုရီးယားကျွန်းဆွယ်ဒေသတွင် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့ စစ်ပွဲပြီးဆုံးကြောင်း ကြေညာမှုပြုနိုင်မည့် အရေးကြီးသော အချိန်ကာလထဲသို့ရောက် ရှိနေကြောင်း ပြောကြားသည်။ 

ကိုရီးယားစစ်ပွဲသည် ၁၉၅၃ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် ပြီးဆုံးသွားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်သည့် အခြေအနေသို့ မရောက်ရှိခဲ့ပေ။ 

မြောက်ကိုရီးယား ဒုက္ခသည်ဖြစ်ခဲ့ဖူးသူ မိဘနှစ်ပါး၏ သားဖြစ်သော မွန်ဂျေအင်းက ၎င်းသည် ဥက္ကဋ္ဌကင်ဂျုံအန်းအား နျူကလီးယားလက်နက်စွန့်လွှတ်ရန် မေတ္တာရပ်ခံပြောဆိုလျက်ရှိရာ သံတမန်ရေးရာ တိုးတက်မှုများဖြစ်လာနိုင်ကြောင်း ပြောကြားသည်။ 

သို့သော် ဥက္ကဋ္ဌကင်ဂျုံအန်းသည် ပွင့်ပွင်းလင်းလင်းရှိသူတစ်ဦးဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။ 

ဆိုးလ်မြို့၌ BBC သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် သမ္မတမွန်ဂျေအင်းက ကင်ဂျုံအန်းနှင့် သမ္မတထရမ့်တို့အကြား ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ဥရောပခေါင်းဆောင်များအနေနှင့် ၎င်းကိုအကူအညီပေးကြရန် ပြောကြားသည်။ 

သမ္မတမွန်ဂျေအင်းသည် ကင်ဂျုံအန်းနှင့် ယခုနှစ်အတွင်း သုံးကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ၎င်းသည် ကင်နှင့် ထရမ့်တို့ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြားခံပုဂ္ဂိုလ်တစ်ဦးကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

မွန်ဂျေအင်းက ၎င်းသည် ကိုရီးယားကျွန်းဆွယ်ဒေသ စစ်ပွဲတရားဝင်ပြီးဆုံးရေးအတွက် သမ္မတထရမ့်အပါအဝင် အမေရိကန်ထိပ်တန်း အရာရှိကြီးများနှင့် ဆွေးနွေးပွဲ အမြောက်အမြားပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ပြောကြားထားသည်။ 

“တကယ်လို့ မြောက်ကိုရီးယားနိုင်ငံက တိကျတဲ့ လုပ်ဆောင်ချက်တွေ လုပ်လာမယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်ဒေသ စစ်ပွဲကြီးအဆုံးသတ်ရေးကိုလည်း ဝါရှင်တန်နဲ့ ပြုံယမ်းတို့ အမြန်ဆုံးကြေညာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

F-01