POST TYPE

NEWS

ရုရှားဒုံးပျံချို့ယွင်းမှုမှ လွတ်မြောက်လာသော အာကာသယာဉ်မှူးနှစ်ဦး အာကာသခရီး ပြန်ထွက်မည်
14-Oct-2018


မော်စကို၊ အောက်တိုဘာ ၁၃

လေထုထဲတွင် ရုရှားဒုံးပျံချို့ယွင်းမှုမှ အသက်ရှင်လွတ်မြောက်လာသူ အာကာသယာဉ်မှူးနှစ်ဦးသည် လာမည့်နှစ်နွေဦးတွင် နိုင်ငံတကာ အာကာသစခန်း ISS သို့ ပြန်သွားရန် စီစဉ်ထားသည်ဟု ရုရှားအာကာသအေဂျင်စီ၏ အကြီးအကဲက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ ISS သို့ သွားရောက်မည့် ရုရှားအလက်ဆီအိုချင်နင်နှင့် အမေရိကန် နစ်ဟိဂ်တို့ကို သယ်ဆောင်သွားသည့် ရုရှားဆိုယုဇ်ဒုံးကျည် လေထုထဲတွင် ချို့ယွင်းမှုကြောင့် ကာဇက်စတန်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် တစ်ရက်အကြာတွင် ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် အကြီးအကဲ ဒီမီထရီရိုဂိုဇင်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

ကြာသပတေးနေ့က ဖြစ်ရပ်သည် ၁၉၈၃ နောက်ပိုင်း လူလိုက်ပါသောဆိုယုဇ် အာကာသခရီးစဉ်များတွင် ပထမဆုံးဆိုးဆိုးဝါးဝါးကြုံတွေ့ရသော ပြဿနာဖြစ်ပြီး ယာဉ်မှူးအဖွဲ့သည် ယာဉ်ပစ်စင်အပိုင်း မပေါက်ကွဲမီကပ်၍ လွတ်မြောက်လာခဲ့သည်။

ရုရှားသည် ၎င်း၏ အာကာသခရီးစဉ်များ ဘေးကင်းကြောင်း သက်သေပြရန် ဖိအားများကျရောက်နေပြီး နာဆာအကြီးအကဲ ဂျင်မ်ဘရစ်ဒင်စကင်းက ရုရှားလုပ်ဆိုယုဇ်ဒုံးကျည်များကို ယုံကြည်မှုရှိကြောင်းနှင့် အမေရိကန် အာကာသယာဉ်မှူး ထပ်မံလိုက်ပါရန် မျှော်လင့်ကြောင်း သောကြာနေ့ကအားပေးစကားပြောကြားခဲ့သည်။

လောလောဆယ်တွင် မော်စကိုက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီးပြဿနာ၏ အကြောင်းရင်းကို ရှာမတွေ့မီ အာကာသဒုံးပျံလွှတ်တင်မှုအားလုံးကို ဆိုင်းငံ့ထားသည်။ ရုရှားသည် နိုင်ငံတကာ အာကာသစခန်းယာဉ် ISS သို့ လူမပါဘဲ ပစ္စည်းပို့သည့် အာကာသယာဉ် လွှတ်တင်မှုများကိုပါ ဆိုင်းငံ့ထားသည်။ ISS ပေါ်တွင် ဧပြီလအထိ အစားအစာနှင့် ရိက္ခာများ လုံလောက်မှုရှိသည်ဟု ရုရှားကဆိုသည်။

နိုင်ငံတကာ အာကာသစခန်းယာဉ်ပေါ်တွင် ဂျာမန်တစ်ဦး၊ ရုရှားတစ်ဦးနှင့် အမေရိကန်တစ်ဦး စုစုပေါင်းသုံးဦးရှိနေပြီး ၎င်းတို့သည် ဒီဇင်ဘာလတွင် ကမ္ဘာမြေသို့ပြန်ရန် မူလက စီစဉ်ထားသော်လည်း ယခုအခါ ထိုစခန်းတွင် ပိုကြာတော့မည် ဖြစ်သည်။

ရော့စ်ကော့စ်မော့စ် အကြီးအကဲရိုကိုဇင်သည် လွတ်မြောက်လာသော အာကာသယာဉ်မှူးနှစ်ဦးအတူဘေးချင်း ကပ်လျက် ထိုင်နေသည့် ဓာတ်ပုံကို သောကြာနေ့က twitter တွင် တင်ခဲ့ပြီး ၎င်းတို့ မော်စကိုသို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့သည်။ 

နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာမရရှိဘဲ အခြေအနေကောင်းမွန်သည်ဟု ရော့စ်ကော့စ်မော့စ်နှင့် နာဆာတို့က သတင်းထုတ်ပြန်ထားသည်။

F-04